ကမ္ဘာ့ဘောလုံး အင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်တဲ့ ဘရာဇီးလ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး နေမာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲမှာ ဘရာဇီးလ်က ခရိုအေးရှားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် သူဟာ ဘရာဇီးလ်အတွက် နောက်တကြိမ် ထပ်ကစားပေးဖို့ မသေချာတော့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘရာဇီးလ်နဲ့ ခရိုအေးရှားတို့ရဲ့ ကွာတားဖိုင်နယ်ပွဲမှာ နှစ်သင်းစလုံးက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပေမယ့် ကစားသမား အင်အား ပိုမို သာလွန်တဲ့ ဘရာဇီးလ်ကပဲ ခရိုအေးရှားကို ပွဲစပွဲဆုံး ဖိအားပေး ကစားသွားခဲ့ပြီး နံပါတ်တစ် ဂိုးသမား လီဗာကိုဗစ်ရဲ့ လက်စွမ်းတွေကြောင့် ခရိုအေးရှားဟာ သက်သာရာ ရခဲ့ပါတယ်။

Photo Credit: Fox Sports

ဘရာဇီးလ်က ခရိုအေးရှားကို သာမန် ပွဲကစားချိန် အတွင်းမှာပဲ အနိုင်ရအောင် တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ခရိုအေးရှား ကစားသမားတွေရဲ့ ကျားကုတ်ကျားခဲ ခုခံကာကွယ်မှု ၊ ဂိုးသမား လီဗာကိုဗစ်ရဲ့ တည်ငြိမ်တဲ့ လက်စွမ်းတွေကြောင့် သွင်းဂိုးတွေ ရဖို့ ခက်ခဲခဲ့ပြီး အချိန်ပို မိနစ်၃၀ ကစားမှသာ နေမာရဲ့ သွင်းဂိုးကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့တာပါ။

နေမာက ဘရာဇီးလ်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၀၅+၁ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပေမယ့် ဘရာဇီးလ်ရဲ့ အပျော်တွေဟာ ကြာကြာ မခံခဲ့ပဲ ပွဲချိန် ၁၁၇မိနစ်မှာတော့ လူစားဝင် တိုက်စစ်မှူး ပက်ကိုဗစ်က ခရိုအေးရှား အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး အချိန်ပိုမှာ ၁-၁ သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ ဘရာဇီးလ်ဘက်က ရိုဒရီဂိုနဲ့ မာကွင်ဟို့စ်တို့ ပင်နယ်တီ လွဲခဲ့ကြပြီး ခရိုအေးရှားကတော့ ၄ဂိုးစလုံး သွင်းယူနိုင်ခဲ့တာကြောင့် ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ခရိုအေးရှားဟာ ပင်နယ်တီမှာ ဘရာဇီးလ်ကို အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit: Fox Sports

ဘရာဇီးလ်က ခရိုအေးရှားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဘရာဇီးလ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး နေမာဟာ ချုံးပွဲချ ငိုခဲ့သလို နေမာက သူဟာ ဘရာဇီးလ်အတွက် နောက်တကြိမ် ထပ်ကစားပေးဖို့ မသေချာတော့ကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားပါတယ်။

နေမာက – “အရိုးသားဆုံး ပြောရရင် ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို သေချာ မသိသေးပါဘူး။ ပွဲအရှိန်ကြောင့် အခုချိန် စကားပြောလိုက်ရင် ကျွန်တော်ရဲ့ စကားတွေထဲမှာ အမှားတွေ ပါသွားနိုင်ပါတယ်။ ကျွန်တော်က ဘာကိုမှ သေချာ မတွေးနိုင်သေးပါဘူး။ အခုချိန်မှာ ကျွန်တော့်ရဲ့ လက်ရွေးစင် ကစားသမား ဘဝ ပြီးဆုံးသွားပြီလို့ ပြောလိုက်ရင် ဒါက နည်းနည်းလေး လောရာ ကျသွားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က မနားသေးဘူးလို့လည်း အတပ် မပြောနိုင်ပါဘူး။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုနေပါတယ်။ ကျွန်တော်က ဘရာဇီးလ်အတွက် ဘယ်အချိန်မဆို တံခါးဖွင့်ထားတဲ့ ကစားသမားမျိုးပါ။ ဒါပေမယ့် ကျွန်တော်က ဘရာဇီးလ်အတွက် ပြန်ကစားပေးဦးမယ်လို့ ၁၀၀ ရာခိုင်နှုန်း အပြည့် မပြောနိုင်သေးပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။