ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ နေမာကတော့ ယနေ့ည ၁နာရီခွဲအချိန်မှာ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အင်္ဂလန် အင်အားကြီးအသင်း ဖြစ်တဲ့ မန်စီးတီးအသင်းကို အနိုင်ယူကာ ၂နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်အောင် အစွမ်းကုန် ကြိုးစားကစားသွားမယ်လို့ ပီအက်စ်ဂျီအသင်းရဲ့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။ ပြင်သစ်မြေမှာ ပြိုင်ဘက်ကင်းဘွဲ့ကို ခံယူထားတဲ့ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်လာခဲ့ပေမယ့် သူတို့အသင်းရဲ့ အမြင့်မားဆုံး မျှော်မှန်းချက် ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ အရမယူနိုင်သေးပါဘူး။

Photo Credit: Marca

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်မြေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ အိမ်ကွင်း အီတီဟတ်မှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၂ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ်နေပြီး မန်စီးတီးလို အသင်းမျိုးကို အဝေးကွင်းမှာ ၂ဂိုးပြတ်နဲ့ အနိုင်ရရှိဖို့ဆိုတာဟာ အတော်လေးကို ခက်ခဲကြောင်း ပွဲကြို ခန့်မှန်းသုံးသပ်သူတွေက ဆိုပါတယ်။ ဒါပေမယ့် နေမာကတော့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ဆန္ဒပြင်းပျလျက် ရှိကာ အီတီဟတ်မှာ ကစားမယ့် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ သူဟာ စစ်သည်တဦးလို ကစားသွားမှာ ဖြစ်ကာ အသက်သေသည်အထိ ကြိုးစားသွားမယ်လို့ ကြုံးဝါးသွားပါတယ်။

Photo Credit: Marca

 

နေမာက – “ကျွန်တော်တို့ဟာ မန်စီးတီးအသင်းနဲ့ အရမ်းကို ခက်ခဲတဲ့ ပွဲစဉ်တပွဲကို ကစားရတော့မှာပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေ ဒီပွဲကို နိုင်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ပဲ ရှိတယ်ဆိုတဲ့ အချက်အလက်တွေရဲ့ အကြောင်းကိုလည်း မတွေးဖို့ လိုပါတယ်။ ပြင်သစ်သားတွေ အားလုံးဟာ ကျွန်တော်တို့ကို ယုံကြည်ကြသလို ကျွန်တော်ကလည်း ဒီတိုက်ပွဲမှာ အရှေ့ဆုံး ကနေ ပါဝင်မယ်။ ပြီးတော့ ကျွန်တော်ဟာ ဒီတိုက်ပွဲရဲ့ ပထမဦးဆုံး စစ်သည်တော် ဖြစ်ရမယ်။ ကျွန်တော်ဟာ ကျွန်တော် စွမ်းနိုင်သမျှ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်သလို ဖိုင်နယ်ကို တက်နိုင်ဖို့ မြက်ခင်းပြင်ပေါ်မှာ သေချင်သေပါစေ ဘာမဆို လုပ်သွားမှာပါ” လို့ ကြုံးဝါးသွားခဲ့တာပါ။