ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ နေမာဟာ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၃-၁ ဘော်ဒိုး ပွဲစဉ်မှာ ပီအက်စ်ဂျီ ပရိသတ်တွေက သူ့ကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စတင် စဉ်းစားနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာဟာ ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့လာသူ တဦး ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်ကတည်းက အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူပါ။

Photo Credit: Standard

နေမာဟာ ပီအက်စ်ဂျီရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံရလောက်အောင် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ ဆိုသလို ကြုံတွေ့နေရတာကြောင့် တည်ငြိမ်တဲ့ ခြေစွမ်းကောင်း တရပ်ကို ထုတ်ပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။

နေမာဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးထားရာ ၄ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ၅ကြိမ်သာ ပြုလုပ်ထားနိုင်သလို ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းကောင်းတွေ မပြနိုင်ခဲ့တာကြောင့်ပဲ ပီအက်စ်ဂျီ ပရိသတ်တွေဟာ သူ့ကို ပစ်မှတ်ထား လှောင်ပြောင်နေကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ပီအက်စ်ဂျီ ၃-၁ ဘော်ဒိုး ပွဲစဉ်မှာလည်း နေမာဟာ ပွဲစဉ်တလျှောက်လုံး ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို အကြီးအကျယ် ခံခဲ့ရပြီး အဆိုပါ လှောင်ပြောင်မှုတွေကို မကျေနပ်တဲ့ နေမာရဲ့ ရုပ်သံတွေလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အန်ဒရေစ် အွန်ရူဘီယာရဲ့ ဖော်ပြချက်အရ နေမာဟာ ပီအက်စ်ဂျီမှာ ကစားရတာကို မပျော်ရွှင်တော့ပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စဉ်းစားနေကာ အင်္ဂလန် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားဖို့ မျက်စိကျနေကြောင်းလည်း သိရပါတယ်။