ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမားနေမာဟာ အသင်းဟောင်းဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အဆင်မပြေမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတာမို့ ပြင်သစ်မှာ နေမပျော်တော့တဲ့အတွက် အသင်းဟောင်းဆီကို ပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့သလို ဘာစီလိုနာကလည်း ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့ကို ယူရိုသန်းတစ်ရာအပြင် အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ရာကီတစ် တိုဒီဘိုနဲ့ အူစမန်ဒမ်ဘီလီတို့ကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီဘက်ကနေ ပယ်ချသွားခဲ့တာကြောင့် နေမာနဲ့ဘာစီလိုနာတို့ ပြန်လည်းမပေါင်းစုံနိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီလို အသင်းဟောင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ခက်ခဲနေပေမယ့်လည်း အသက်(၂၈)နှစ်အရွှယ် ဘရာဇီးလက်ရွေးစင် တိုက်စစ်မှူးနေမာကတော့ ဘာစီလိုနာအသင်းဆီ ပြန်လည်ပြောင်းရွှေ့ချင်နေကြောင်း သူရဲ့ပီအက်စ်ဂျီအသင်းဖော်တွေဆီ ဖွင့်ဟဝန်ခံခဲ့တယ်လို့ Mundo Deportivo သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။ နေမာဟာ သူရဲ့ပီအက်စ်ဂျီအသင်းဖော်ဖြစ်တဲ့ ဘာပေနဲ့ အခြားသော ကစားသမားတွေဆီကို သူဟာ အသင်းဟောင်းနဲ့ ပြန်လည်ပူးပေါင်းလိုကြောင်း ဒီနှစ်နွေမှာလည်း ဘာစီလိုနာဆီ ပြန်သွားနိုင်မယ်လို့ ယုံကြည်မိကြောင်းကိုပါ ဖွင့်ဟပြောဆိုထားခဲ့တယ်လို့ သိရှိထားရပါတယ်။

Photo Credit : Daily Mail

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဘက်ကတော့ နေမာကို ဘာစီလိုနာအသင်းဆီ ပြန်လည်ရောင်းချမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၈၀)အထိ အလိုရှိနေတာဖြစ်သလို ပြောင်းရွှေ့ကြေးကိုလည်း ငွေသားသက်သက်နဲ့သာ လိုချင်နေတာဖြစ်လို့ ဘာစီလိုနာအတွက် နေမာကို ပြန်လည်ခေါ်ယူရေးက ပိုမိုခက်ခဲနေရတာဖြစ်ပါတယ်။ ဘာစီလိုနာဘက်ကတော့ နေမာကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် လက်မလျှော့နိုင်သေးပေမယ့် ပီအက်စ်ဂျီဘက်ကနေ တောင်းဆိုထားသလို ငွေသားသက်သက်နဲ့သာ ကမ်းလှမ်းရမယ်ဆိုတဲ့အချက် ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ဖြစ်နိုင်ခြေနည်းနေသလို အသင်းရဲ့ ကစားသမားတချို့နဲ့သာ အလိုက်ပေးကမ်းလှမ်းသွားချင်နေတာဖြစ်ပါတယ်။ နေမာကတော့ ဘာစီလိုနာနဲ့ ပြန်ပေါင်းထုပ်ချင်ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ သူရဲ့လက်ရှိအသင်းဖြစ်တဲ့ ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်ဖလားကို အရယူပေးသွားချင်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သလို ပီအက်စ်ဂျီကလည်း ပြင်သစ်လီဂူးကစားဖို့ မရှိတော့တဲဲ့အတွက် ချန်ပီယံလိဂ်ကိုပဲ ပိုမိုအာရုံစိုက်နိုင်တော့မှာဖြစ်ပါတယ်။