ပြင်သစ်အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ နေမာကတော့ သူဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်ရှိတော့ပေမယ့် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် အားလုံး အဆင်ပြေနေပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၉နှစ် အရွယ် ဘရာဇီးလ်အသင်းရဲ့ အသင်းခေါင်းဆောင် နေမာဟာ ၂၀၁၇ခုနှစ်မှာ စပိန် လာလီဂါကလပ် ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ ကစားသမားတဦး ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ သူ့ရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၂ခုနှစ် ဇွန်လ ၃၀ရက်နေ့မှာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။

Photo Credit: PSG Talk

အဲ့ဒါကြောင့်ပဲ လက်ရှိမှာ နေမာကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်နေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး ပီအက်စ်ဂျီအသင်းကတော့ နေမာကို လက်မလွှတ်ရစေဖို့ အတွက် ပြီးခဲ့တဲ့နှစ်ထဲက စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေကို နေမာရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်အခြေစိုက် သတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရတော့ နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားနေပေမယ့် သူ့ကို အသင်းမှာ ဆက်လက် ရှိနေစေချင်ရင် သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ မက်ဆီကို အသင်းထံ ခေါ်ယူပေးရမယ်လို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ဒါပေမယ့် နေမာကတော့ သူဟာ ပီအက်စ်ဂျီအသင်းမှာ ပျော်ရွှင်နေပြီး စာချုပ်သစ်ဟာ ဖြစ်ပေါ်လာဖို့ မဝေးတော့ကြောင်း အရိပ်အမြွက် ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit: PSG Talk

စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး နေမာက – “စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ စကားပြောနေပါတယ်။ ဒီကိစ္စမှာ ဖိအားတွေ မရှိပါဘူး။ အားလုံးနီးပါးက အဆင်ပြေပြေ ဖြစ်နေပါပြီ။ ပြီးတော့ ကျွန်တော်ကလည်း အေးအေးဆေးဆေးပါပဲ။ ကျွန်တော် ပီအက်စ်ဂျီအသင်းမှာ အရမ်းကို ပျော်ရွှင်နေပါတယ်။ ပြီးတော့ ပရိသတ်တွေနဲ့ ပတ်သတ်ပြီး ကျွန်တော် စိတ်ပူတယ်။ သူတို့ကို ကွင်းထဲမှာ အမြန်ဆုံး မြင်ချင်နေပြီဗျာ။ ကျွန်တော်ကတော့ သူတို့ဟာ အသင်းမှာ ရှိတဲ့ ကစားသမားတိုင်းကို အားပေးမယ် ၊ ပြီးတော့ ကျွန်တော်တို့ အတွက် ရှိနေပေးမယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြား သွားတာပါ။