ဘရာဇီးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ နေမာဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ပီရူးအသင်းနဲ့ ပွဲစဉ်မှာ ဘရာဇီးလ်အသင်း အတွက် ဟက်ထရစ် သွင်းယူပေးခဲ့ အပြီးမှာတော့ ဘရာဇီးလ်လက်ရွေးစင် အသင်းရဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ဂန္တဝင် တိုက်စစ်မှူးကြီး ရိုနယ်ဒိုအား ကျော်ဖြတ်ကာ ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဘရာဇီးလ်အသင်းဟာ ပီရူးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပေမယ့် နေမာရဲ့ ပြီးပြည့်စုံတဲ့ ခြေစွမ်းနဲ့အတူ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ ပီရူးအသင်းကို ဂိုးပြတ် အနိုင် ရရှိခဲ့ပါတယ်။

Photo Credit: Yahoo Sport

ဘရာဇီးလ်အသင်းဟာ ပီရူးအသင်းကို ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ပွဲကို ဦးဆောင်နိုင်ခွင့် နှစ်ကြိမ် ရရှိခဲ့တာ ကတော့ ပီရူးအသင်းပဲ ဖြစ်ပါတယ်။ ပီရူးအသင်းဟာ ပွဲချိန် ၆မိနစ်မှာထဲက တိုက်စစ်မှူး ကာရယ်လိုရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၂၈မိနစ်မှာတော့ ပင်နယ်တီ ကနေ တဆင့် နေမာက ဘရာဇီးလ်အသင်း အတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲချိန် ၆၀မိနစ်မှာတော့ ပီရူးအသင်းက ဒုတိယအကြိမ်မြောက် ဦးဆောင်ဂိုးကို ထပ်မံ ရရှိခဲ့ပေမယ့် ပွဲချိန် ၆၅မိနစ်မှာတော့ ရစ်ချာလီဆန်က ဘရာဇီးလ်အသင်း အတွက် ပြန်လည် ချေပပေးခဲ့ပါတယ်။ တစ်ဖက် ၂ဂိုးစီ သရေရလဒ် ထွက်ပေါ်နေတဲ့ အချိန်မှာတော့ ပွဲဟာ ပိုမို ကြမ်းလာခဲ့ပြီး ပွဲချိန် ၈၃မိနစ်မှာ ဘရာဇီးလ်အသင်းဟာ ပင်နယ်တီ ထပ်မံ ရရှိခဲ့ပြီး နေမာက ဘရာဇီးလ်အသင်း အတွက် အမှားအယွင်း မရှိ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Yahoo Sport

၂-၃ ဆိုတဲ့ ရလဒ် ထွက်ပေါ်နေတဲ့ အချိန်မှာတော့ ပီရူးအသင်းရဲ့ ကစားပုံဟာ ပိုမို ကြမ်းလာခဲ့ပြီး ပွဲချိန် ၈၆မိနစ်မှာ ကာစီဒါ ၊ ပွဲချိန် ၈၉မိနစ်မှာ ဇမ်ဘရာနို တို့က ဆက်တိုက်ဆိုသလိုပဲ အနီကတ်တွေ ထိခဲ့ကြပါတယ်။ ပွဲချိန် မိနစ် ၉၀မှာတော့ နေမာဟာ သူ့ရဲ့ ဟက်ထရစ် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဘရာဇီးလ်အသင်းဟာလည်း ၂-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။ နေမာဟာ ယခုပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်း အတွက် သွင်းယူပေးထားတဲ့ သွင်းဂိုးဟာ ၆၄ဂိုးအထိ ရှိလာခဲ့ပြီး အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ရိုနယ်ဒိုကို ကျော်ဖြတ်ကာ ဘရာဇီးလ်အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ ဒုတိယနေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဘရာဇီးလ် အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမားကတော့ ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီဖြစ်ပြီး ပီလီဟာ ၇၇ဂိုးအထိ သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။