ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ နေမာက သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တဦး ဖြစ်သူ မက်ဆီနဲ့ မက်ဆီရဲ့ ဂန္တဝင်ပြိုင်ဘက် ရိုနယ်ဒိုတို့ နှစ်ဦးစလုံးဟာ ပါရမီရှင် ကစားသမားတွေ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒိုတို့က ၂၁ရာစုရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦး ဖြစ်ပြီး သူတို့နှစ်ဦးဟာ ဘောလုံးလောကရဲ့ ခြွင်းချက်မရှိ အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆယ်စုနှစ် တစု ပြည့်တဲ့ အထိ ထိန်းသိမ်းထားနိုင်သူတွေ ဖြစ်ကြပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ မက်ဆီနဲ့ ရိုနယ်ဒိုတို့က အသက်အရွယ်ကြောင့် အကောင်းဆုံး ကစားသမား ဆိုတဲ့ နေရာကနေ ဖယ်ပေးလိုက်ရပေမယ့် အခုချိန်အထိ သူတို့နှစ်ဦးရဲ့ ကျော်ကြားမှုနဲ့ စွမ်းဆောင်ရည်ကို ဘယ်ကစားသမားကမှ လိုက်မမှီသေးပဲ ဘရာဇီးလ် အသင်းခေါင်းဆောင် တိုက်စစ်မှူး နေမာကတော့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့နောက် ပြီးခဲ့တဲ့ ဆယ်စုနှစ်ရဲ့ တတိယမြောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူပါ။

ဘောလုံးစွမ်းရည် မြင့်မားသလို သူမတူတဲ့ ခြေစွမ်းမျိုးတွေကို ပိုင်ဆိုင်ထားပေမယ့် နေမာက မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးရှိနေတာကြောင့်သာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနဲ့ လွဲချော်ခဲ့ရသူ ဖြစ်ပြီး နေမာကတော့ DAZN Football သတင်းဌာနရဲ့ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး အင်တာဗျူးမှာ သူ့အတွက် မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးဟာ ပါရမီရှင် ကစားသမားတွေ ဖြစ်ကြကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Standard

DAZN Football သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အစီအစဉ် တင်ဆက်သူက နေမာကို သူ့ဘက်ကနေ ကစားသမား တယောက်ရဲ့ နာမည်ကို ပြောလိုက်ရင် အဲ့ဒီ ကစားသမားနဲ့ လိုက်ဖက်တဲ့ စာလုံးတလုံးကို ပြန်ပြောပြပေးဖို့ တောင်းဆိုခဲ့ပြီး အစီအစဉ် တင်ဆက်သူက မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့ နာမည်ကို ပြောကြားခဲ့ချိန်မှာတော့ နေမာဟာ နှစ်ဦးစလုံးကို “ပါရမီရှင်” ဆိုတဲ့ စာလုံး တလုံးထဲနဲ့ ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

နေမာက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီနဲ့အတူ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။