MySport Myanmar

အယ် ဟီလယ်က အာရှရဲ့ အကောင်းဆုံးအသင်းပါလို့ ပြောလာတဲ့ နေမာ

ယမန်နေ့မှာပဲ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကနေ ဆော်ဒီ ထိပ်သီးကလပ် အယ် ဟီလယ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်မှူး နေမာက အယ် ဟီလယ်ဟာ အာရှရဲ့ အကောင်းဆုံးအသင်း ဖြစ်ကြောင်း အယ် ဟီလယ် ကစားသမား ဘဝ ပထမဦးဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးမှာတင် ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာက အယ် ဟီလယ်ဆီ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး နေမာက အယ် ဟီလယ်မှာ ကစားမယ့် ၂နှစ်တာ အတွက် စုစုပေါင်း လုပ်ခလစာ ယူရို ၄၀၀သန်း ဝန်းကျင် ရရှိမှာပါ။

Photo Credit: Reuters

အယ် ဟီလယ်ကတော့ နေမာအတွက် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း ဝန်းကျင် ပေးချေခဲ့ရပြီး နေမာရဲ့ အပြောင်းအရွှေ့က ကြယ်ပွင့် တိုက်စစ်မှူး လိုချင်နေတဲ့ အယ် ဟီလယ်အတွက်ရော ၊ ဘဏ္ဍာရေးစည်းမျဉ်း ကိုက်ညီအောင် ကြိုးစားနေတဲ့ ပီအက်စ်ဂျီအတွက်ရော အဆင်ပြေခဲ့တဲ့ အပြောင်းအရွှေ့ တခု ဖြစ်ပါတယ်။

အယ် ဟီလယ်က ယခု နွေဈေးကွက် အတွင်းမှာ နေမာအပြင် မယ်လ်ကွန် ၊ ရူဘင် နီဗက် ၊ မီလင်ကိုဗစ် ဆာဗစ် ၊ ကူလီဘလီ စတဲ့ ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူထားခဲ့ပြီး အယ် ဟီလယ်က ရိုနယ်ဒို ရှိနေတဲ့ အယ် နက်ဆာ ၊ ဘန်ဇီမာ ရှိနေတဲ့ အယ် အီတီဟတ်တို့နဲ့ အပြိုင် ဆော်ဒီစူပါလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေပါတယ်။

Photo Credit: Reuters

အယ် ဟီလယ် ကစားသမား ဘဝ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ နေမာက အယ် ဟီလယ်ဟာ အာရှရဲ့ အကောင်းဆုံးအသင်း ဖြစ်တာကြောင့် သူ့အတွက် အသင့်တော်ဆုံးအသင်းပါလို့ ဆိုလာပါတယ်။

နေမာက – “အယ် ဟီလယ်က ပရိသတ်အများကြီး ရှိတဲ့ ထိပ်သီးအသင်း တသင်းပါ။ ပြီးတော့ အာရှရဲ့ အကောင်းဆုံးအသင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တဲ့ ဆုံးဖြတ်ချက် တခုလို့ ယုံကြည်ပါတယ်။ ကျွန်တော်က မှန်ကန်တဲ့ အချိန်တခုမှာ သင့်တော်တဲ့ ကလပ်တခုဆီ ပြောင်းနိုင်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version