MySport Myanmar

ဒဏ်ရာက သက်သာလာရင် ဆော်ဒီမှာ ရှယ်ကြမ်းပြနိုင်ဖို့ မျှော်လင့်ထားတဲ့ နေမာ

ဒူးအရွတ် စုတ်ပြဲတဲ့ဒဏ်ရာ ACL Injury ဆိုတာက ဘောလုံးသမားတိုင်းအတွက် အိမ်မက်ဆိုးတစ်ခုဖြစ်ပြီး ဒီဒဏ်ရာသာ ရလိုက်မယ်ဆိုရင် ကာလအတန်ကြာအထိ အနားယူရတက်သလို ဒဏ်ရာကနေ ပြန်ကောင်းလာရင်တောင်မှပဲ အရင်လို ခြေစွမ်းမျိုးတွေ ပြန်လည် ပြသနိုင်ဖို့ဆိုတာကလည်း ခက်ခဲပါတယ်။ ဒီဒဏ်ရာဆိုးကြီး ခံစားနေရတဲ့ ကစားသမားတွေထဲမှာ နေမာလည်း အပါအဝင် ဖြစ်ပါတယ်။

အသက် (၃၂)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာဟာ ပြီးခဲ့တဲ့နှစ်ကမှ ပီအက်စ်ဂျီကနေ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဆီ ယူရို သန်း(၉၀)နဲ့ ပြောင်းရွှေ့လာခဲ့ပြီး နေမာက အယ်လ်ဟီလာမှာ တစ်နှစ်လုပ်ခ ယူရို သန်း(၁၅၀)အထိတောင် ရရှိခဲ့ပါတယ်။

Photo Credit : Daily Sabah

ဒါပေမယ့် နေမာဟာ အယ်လ်ဟီလာကို စတင် ပြောင်းရွှေ့ပြီးကတည်းက အဖျားဝေဒနာကြောင့် ပွဲ(၅)ပွဲအထိ ဆက်တိုက် လွဲချော်ခဲ့ရသလို အဖျားကနေ သက်သာချိန်မှာလည်း ပြိုင်ပွဲစုံ (၅)ပွဲသာ ကစားခဲ့ရရင်း ACL ဒဏ်ရာ ရသွားခဲ့တာကြောင့် ရာသီကုန်ချိန်အထိကို ကာလရှည်ကြာ အနားယူခဲ့ရပါတယ်။ ဒါ့အပြင် အယ်လ်ဟီလာက ရီနန် လိုဒီကို ခေါ်ယူခဲ့တာကြောင့် အသင်းမှာ နိုင်ငံခြား ကစားသမား အရေအတွက်က ကန့်သတ်ထားတဲ့ အရေအတွက်ထက် ကျော်လွန်နေတာမို့ နေမာကို ကစားသမားစာရင်းကနေပါ ခေတ္တ ဖယ်ရှားခဲ့ရပါသေးတယ်။

ဒီလို အခြေအနေမှာ နေမာက သူ့အသင်းဟောင်းဖြစ်တဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ် အပါအဝင် ဘာစီလိုနာနဲ့ပါ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ရပြီး နေမာက ဘရာဇီးလ်ပြန်ပြီး ဆန်းတို့စ်အသင်းဆီ ပြန်လည် ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေက ပိုပြီးတော့ကို ကျယ်ကျယ်လောင်လောင်နဲ့ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နေမာက “ဆန်းတို့စ်အသင်းဆီ ပြန်သွားဖို့ဆိုတာက မဖြစ်နိုင်သေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကလည်း အဓိပ္ပါယ်ကို မရှိပါဘူး။ ကျွန်တော်က အယ်လ်ဟီလာအသင်းနဲ့ စာချုပ်သက်တမ်းလည်း တစ်နှစ် ကျန်ရှိနေပါသေးတယ်။”

“ကျွန်တော် ဆန်းတို့စ်အသင်းကို အားပေးနေပါတယ်။ ဒီအသင်းဆီ တစ်နေ့ ပြန်သွားဖို့လည်း ကျွန်တော် မျှော်လင့်ထားပါတယ်။ ဒါပေမယ့် လက်ရှိမှာကတော့ ကျွန်တော် အယ်လ်ဟီလာအသင်းအတွက်ကိုပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ဒဏ်ရာကနေ သက်သာလာပြီဆိုရင် အယ်လ်ဟီလာနဲ့ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version