ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ နေမာဟာ မကြာမီ ရက်ပိုင်းအတွင်းမှာ ပီအက်စ်ဂျီအသင်းနဲ့ ကာလရှည် စာချုပ်သစ်တရပ်ကို ချုပ်ဆိုဖွယ် ရှိကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာဟာ ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတဦး ဖြစ်ပြီး အသင်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့တာကြောင့် လက်ရှိ သူ့ရဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၂ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။

Photo Credit: PSG Talk

နေမာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦး စာရင်းဝင် ထိပ်တန်း တိုက်စစ်မှူးတဦး ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ရဲ့ ကြိုးပမ်းမှုဟာ အရာထင်ခဲ့ကာ နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ L’Equipe သတင်းဌာနက ဆိုပါတယ်။ နေမာဟာ လက်ရှိမှာ အသက် ၂၉နှစ် အရွယ် ရှိနေပြီ ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းနဲ့သာ စာချုပ်သစ် ချုပ်ဆိုဖြစ်ပါက အဆိုပါ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ နေမာရဲ့ အသက်ဟာ ၃၅နှစ် အထိ ရှိနေမှာ ဖြစ်ပြီး နေမာဟာ ပီအက်စ်ဂျီ အသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ်ဖွယ် ရှိကြောင်း နီးစပ်သူတွေက ဖွင့်ဟလာကြပါတယ်။

Photo Credit: PSG Talk

L’Equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ နေမာနဲ့ ပီအက်စ်ဂျီအသင်းတို့ကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ အားလုံး ပြီးစီးသွားပြီ ဖြစ်ကာ နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုမှာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ကြောင်း ကြေညာမှုကို ယနေ့ (စနေနေ့)မှာ ပြုလုပ်နိုင်ကြောင်း သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာကို စာချုပ်သစ် ချုပ်ဆိုပြီးပါက အခြား အသင်းရဲ့ အဓိက ကစားသမားတဦး ဖြစ်သူ အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုဖို့လည်း ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပြီး အကယ်၍ ရာသီကုန်ချိန် အထိ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရင် လာမယ့် နွေအပြောင်းအရွှေ့မှာ အမ်ဘာပေကို ရောင်းချလိမ့်မယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။