ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘော်ဒိုး ၂-၃ ပီအက်စ်ဂျီ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ သွင်းဂိုးပေါင်း ၄၀၀ ပြည့်သွားခဲ့ကြောင်း သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို ၂၀၀၉ခုနှစ်ထဲက ဆန်းတို့စ်အသင်းနဲ့ အတူ စတင်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကာ ဥရောပ ဘောလုံးဇာတ်ခုံပေါ်ကို ခြေချခဲ့ပါတယ်။

Photo Credit: Sportskeeda

နေမာဟာ ဆန်းတို့စ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၃၄ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၇၀ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃၅ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ ကစားသမားဘဝ အအောင်မြင်ဆုံးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းမှာတော့ ပြိုင်ပွဲစုံမှာ ၁၈၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀၅ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၇၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ၅ရာသီကြာ ကစားခဲ့ရာ ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၂၆ပွဲ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၈၈ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅၅ကြိမ် အထိ ဖန်တီးနိုင်ခဲ့ပါတယ်။ ဘရာဇီးလ် လက်ရွေးစင်အသင်းမှာတော့ နေမာရဲ့ စုစုပေါင်း သွင်းဂိုးဟာ ၇၀ဂိုး အထိ ရှိပြီး ကျန်သွင်းဂိုးတွေကိုတော့ ဘရာဇီးလ်အသင်းရဲ့ သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ သွင်းယူခဲ့တာပါ။

Photo Credit: Sportskeeda

တိုက်စစ်နေရာစုံမှာ ကစားနိုင်စွမ်း ရှိသလို ဖျော်ဖြေမှု အပြည့်အဝ ပေးနိုင်တဲ့ ကစားပုံကို ပိုင်ဆိုင်ထားတဲ့ နေမာဟာ ကစားသမားဘဝမှာ ဆုဖလားပေါင်း ၂၇လုံး အထိ ရယူထားနိုင်ပြီး ကလပ်အသင်း အဆင့်မှာ ချန်ပီယံလိဂ်ဖလားလို အမြင့်ဆုံး အောင်မြင်မှုတွေကို ရယူနိုင်ခဲ့သလို ဘရာဇီးလ်အသင်းနဲ့ အတူလည်း အိုလံပစ် ရွှေတံဆိပ်ဆု ၊ ကွန်ဖက်ဒရေးရှင်းဖလား ၊ ယူ-၂၀ ကမ္ဘာ့ဖလားတို့ကိုလည်း ရရှိထားပါတယ်။