ပီအက်စ်ဂျီအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားနေမာက လက်ရှိအသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းက သိပ်အားရစရာကောင်းတဲ့ အနေအထားမှာ မရှိနေဘူးဆိုပေမယ့် လာမယ့်ကြားရက်အတွင်း အိုးထရက်ဖိုဒ့်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကတော့ သူတို့အသင်းရဲ့ ချန်ပီယံလိဂ် နောက်တစ်ဆင့် တတ်လှမ်းနိုင်ဖို့အတွက် အဆုံးအဖြတ်တစ်ခုလို ဖြစ်နေတာကြောင့် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေနဲ့ ကစားပြနိုင်ဖို့ လိုအပ်တယ်လို့ အသင်းဖော်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Bein Sport

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးရဲ့ အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ အသင်းဖြစ်ပေမယ့်လည်း နောက်ပိုင်းကစားခဲ့တဲ့ ပွဲစဉ်(၂)ပွဲအတွင်းမှာ မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့ရသလို ဘော်ဒိုးအသင်းကိုလည်း သရေကျခဲ့ပြီး (၅)မှတ်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ပီအက်စ်ဂျီဟာ ယူနိုက်တက်နဲ့ လိုက်ပ်ဇစ်(အဝေးကွင်းမှာ)တို့ကို ရှံးနိမ့်ခဲ့ရပြီး ဘာရှက်ဆီဟီနဲ့ လိုက်ပ်ဇစ်(အိမ်ကွင်းမှာ)တို့ကို အနိုင်ရထားလို့သာ(၆)မှတ်ရရှိထားပြီး ယူနိုက်တက်နဲ့ (၃)မှတ်ကွာဟနေသလို လိုက်ပ်ဇစ်နဲ့လည်း အမှတ်တူနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ပီအက်စ်ဂျီဟာ ယူနိုက်တက်နဲ့ ဆုံတွေ့ရမယ့် ပွဲစဉ်အတွင်းမှာ အမှားခံလို့ မဖြစ်တော့ပဲ သေချာပေါက်ကို အနိုင်ယူရတော့မှာဖြစ်ပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်နဲ့ပတ်သက်ပြီး နေမာက “လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ကစားသွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်က အရမ်းကို အရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ ဒါက တိကျပြတ်သားရပါမယ်။ လိုက်ပ်ဇစ်အသင်းနဲ့ပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ဘူးဆိုပေမယ့် အနိုင်ရအောင်တော့ ကစားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ကျွန်တော်တို့အားလုံးအနေနဲ့ အကောင်းဆုံးပွဲကောင်းတစ်ပွဲဖြစ်အောင် ကစားပြနိုင်ဖို့အတွက် ကြိုးစားအားထုတ်ရပါတော့မယ်။ ကောင်းကောင်းကစားနိုင်ဖို့ လိုအပ်သလို တခြားနေရာတွေမှာ ပိုမိုတိုးတတ်လာဖို့လည်း လိုအပ်ပါသေးတယ်။ အသင်းလိုက်ကစားပုံ ပိုမိုကောင်းဖို့လိုတယ်။ ပိုပြီးတော့လည်း စုစုစည်းစည်း ကစားရပါလိမ့်မယ်။ ဒါပေမယ့် ဒီပွဲကလည်း ကျွန်တော်တို့အတွက် ခက်ခဲနေစေဦးမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ နေမာဟာ ဘော်ဒိုးအသင်းကို တစ်ဖက်(၂)ဂိုးစီ သရေကျခဲ့တဲ့ပွဲအတွင်း အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ရလဒ်တွေအပေါ် အတော်လေးကို စိတ်ပျက်လို့နေပြီး ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်ကိုယ်တိုင်ပါ သူဟာ အသင်းကို အမြဲတမ်းကာကွယ်ပြောဆိုပေးသူ ဖြစ်ခဲ့ပေမယ့် ဒီတစ်ချိန်တော့ မကာကွယ်ပေးလောက်အောင်ကို ပုံစံကောင်းမပြနိုင်ခဲ့ဘူးလို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။