MySport Myanmar

သူနဲ့ မက်ဆီတို့က PSG မှာ ငရဲခန်းကို အတူ ဖြတ်သန်းခဲ့ရတယ်လို့ နေမာ ဆို

ပီအက်စ်ဂျီ ကစားသမားဟောင်း နေမာက သူနဲ့ သူ့အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီတို့ဟာ ပီအက်စ်ဂျီအသင်းမှာ ရှိစဉ်တုန်းက ငရဲခန်းကို အတူ ဖြတ်ကျော်ခဲ့ရသလို ကြုံတွေ့ခံစားခဲ့ရတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

နေမာ နဲ့ မက်ဆီတို့ နှစ်ဦးဟာ ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီအသင်းတွေမှာ တွဲဖက် ကစားခဲ့ရတဲ့ အသင်းဖော်ဟောင်း ညီအစ်ကိုတွေ ဖြစ်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီမှာ အတူ တွဲကစားခဲ့ရတဲ့ အချိန်ကာလအတွင်းမှာတော့ သူတို့နှစ်ယောက်အတွက် ကောင်းမွန်တဲ့ အခိုက်အတန့်တွေက နည်းပါးခဲ့ရပါတယ်။

Photo Credit : The Sun

ဒီအကြောင်းကိစ္စတွေနဲ့ ပတ်သက်ပြီး နေမာက “မက်ဆီ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ နှစ်အတွက် ကျွန်တော် အရမ်း ပျော်ခဲ့ရသလို တစ်ချိန်တည်းမှာပဲ အရမ်း ဝမ်းနည်းမိခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဒင်္ဂါးစေ့လိုမျိုး ဖြစ်နေရလို့။ ဒီနောက်ပိုင်း နှစ်တွေမှာ အာဂျင်တီးနားအသင်းနဲ့အတူ အောင်မြင်မှုတွေကို အကုန် ရယူနိုင်ခဲ့ပြီး ကံကောင်းဘုံလိုမျိုး ခံစားနေရပေမယ့်”

“ပဲရစ်မှာတော့ ငရဲကျနေသလိုပါပဲ။ သူရော ကျွန်တော်ရောပါ ငရဲကို အတူ ဖြတ်သန်းခဲ့ရသလိုပါပဲ။ ကျွန်တော်တို့ ဒီမှာ ဘာမှမဟုတ်သလို ဖြစ်ခဲ့ရလို့ စိတ်မကောင်းဖြစ်မိရတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတယ်။ ချန်ပီယံဖြစ်ဖို့ အသင်းအတွက် သမိုင်းသစ် ရေးထိုးနိုင်ဖို့ ကြိုးစားခဲ့ကြတယ်။”

Photo Credit : 90Min

“ဒါကြောင့်ပဲ ကျွန်တော်တို့တွေ အတူတကွ ကြိုးစားကစားခဲ့ကြတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ မအောင်မြင်ခဲ့ဘူး။ ဒီလို မအောင်မြင်မှုကပဲ သူ့အတွက် ထွက်ခွာမှု ဖြစ်သွားခဲ့ရတယ်။ ဒါဟာ မတရားပါဘူး။ ကျွန်တော့်အမြင်အရဆိုရင် မက်ဆီက ပီအက်စ်ဂျီအသင်းမှာ မျှတစွာ မဆက်ဆံခဲ့ရပါဘူးလို့ပဲ ထင်မိတယ်” လို့ နေမာက ပြောဆိုလာခဲ့ပါတယ်။

လက်ရှိမှာ မက်ဆီက မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းနဲ့အတူ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းရင်း အသင်းအတွက် ဆုဖလားတစ်ခုပါ ရယူပေးထားသလို သူ စတင် ကစားချိန်ကနေ ခုထိ လုံးဝ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ နေမာကတော့ ဆော်ဒီကလပ် အယ်လ်ဟီလာကို ပြောင်းရွှေ့ခဲ့ပြီး ဒဏ်ရာပြသာနာကြောင့် ခုထိ အနားယူနေရပါတယ်။

Exit mobile version