ဘရာဇီး ဂန္တဝင် ကွင်းလယ် တိုက်စစ်မှူးဟောင်း ဇီကိုက နေမာအနေနဲ့ ရော်နယ်ဒို နဲ့ မက်ဆီလို ပရော်ဖယ်ရှင်နယ်ကျဖို့ လိုပါသေးတယ်လို့ ပြောခဲ့ပေမဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ ချန်ပီယံလိဂ် ဆုဖလား ရရှိဖို့ကတော့ နေမာရဲ့ ခြေစွမ်းအပေါ်မှာပဲ မူတည်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဇီကိုဟာ ကစားသမားဘဝမှာ ဘရာဇီး ကလပ်အသင်းတွေအတွက်သာ အများဆုံး ကစားခဲ့တဲ့ အတွက်ကြောင့် ချန်ပီယံလိဂ် ဆုဖလား တစ်ကြိမ်မှ မရခဲ့သလို လက်ရွေးစင် ဘရာဇီးအသင်းနဲ့လည်း ကမ္ဘာ့ဖလားကို တစ်ကြိမ်မှ မရခဲ့ဖူးဘဲ ကစားသမားဘဝက အနားယူခဲ့ပါတယ်။

Photo Credit: Goal

ဇီကိုဟာ ကစားသမားဘဝက အနားယူပြီးတဲ့ အချိန်မှာ ဘောလုံးလောကကို ဘောလုံး နည်းပြအဖြစ်နဲ့ ပြန်လည် ဝင်ရောက် လာခဲ့ရာမှာ ကလပ်အသင်း နဲ့ နိုင်ငံ လက်ရွေးစင်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ဂျပန်လက်ရွေးစင်အသင်းနဲ့ (၂၀၀၄) အာရှဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြဟောင်း နဲ့ ကစားသမားဟောင်း ဖြစ်သူ ဇီကိုကတော့ တစ်နိုင်ငံသားချင်း ဘရာဇီးလူမျိုး နေမာကို ချီးကျူးသွားခဲ့ပြီး ပီအက်စ်ဂျီအသင်းအနေနဲ့ ချန်ပီယံလိဂ် ရရှိဖို့က တိုက်စစ်မှူး နေမာရဲ့ ခြေစွမ်းအပေါ်မှာ မူတည်တယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

Gazzetta Dello Sport မှာ ဘရာဇီး ဂန္တဝင် ကစားသမားဟောင်း ဇီကိုက “ကျွန်တော်ကတော့ နေမာကို တကယ် ကြိုက်ပါတယ်။ သူ့ရဲ့ ဘောလုံး ကစားပုံက မယုံနိုင်စရာ ကောင်းပါတယ်။ ဒါပေမဲ့ သူက ရော်နယ်ဒို နဲ့ မက်ဆီလို ပရော်ဖယ်ရှင်နယ်ဆန်ဖို့ လိုနေပါတယ်။ ရော်နယ်ဒို နဲ့ မက်ဆီက ဘောလုံးအတွက် အသက်ရှင်နေကြတဲ့ သူတွေပါ။ နေမာမှာ သူ့ကို နှောင့်ယှက်တဲ့ အတွေးအခေါ်တွေ အများကြီး ရှိပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က နေမာနဲ့ ကစားပြောခဲ့ပြီး သူ့ကို ပိုပြီး ပရော်ဖယ်ရှင်နယ်ဆန်ဖို့ ပြောခဲ့ပါတယ်။ သူက လက်ရှိအချိန်မှာ အသက် (၂၈) နှစ်ပဲ ရှိသေးပြီး အသင်းကောင်း ပီအက်စ်ဂျီအသင်းကလည်း ရှိနေပြန်ပါတယ်။ သူတို့ ချန်ပီယံလိဂ် ဆုဖလား ရရှိနိုင်ပါတယ်။ ချန်ပီယံလိဂ် ရဖို့က တစ်ပွဲတည်းမှာ မဟုတ်ဘဲ ပြိုင်ပွဲ တစ်လျှောက်လုံး နေမာရဲ့ ခြေစွမ်းအပေါ်မှာပဲ မူတည်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။