ဘရာဇီးလ် ဂန္တဝင် ကစားသမားကြီး တစ်ဦးဖြစ်တဲ့ ကာဖူးကတော့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက လာမယ့် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ ဖြစ်ခဲ့ပါက နေမာ ၊ အမ်ဘာပေနဲ့ မက်ဆီတို့ရဲ့ တိုက်စစ်အတွဲအဖက်ဟာ ပြိုင်ဘက်အသင်းတွေ အနိုင် မယူနိုင်တဲ့ တိုက်စစ်အတွဲ ဖြစ်လာနိုင်ကြောင်း သုံးသပ် ပြောကြား သွားပါတယ်။ အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ လက်ရှိမှာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်တော့သူ ဖြစ်ပြီး အသင်းနဲ့သာ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခြင်း မရှိပါက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမယ့်သူလည်း ဖြစ်ပါတယ်။

Photo Credit: Fot Mob

လက်ရှိမှာတော့ မက်ဆီကို ခေါ်ယူဖို့အတွက် ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ၊ ပရီးမီးယားလိဂ် အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်း တို့က ရေပန်းစားနေကြပြီး နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်လာပါတယ်။ အထူးသဖြင့် ပီအက်စ်ဂျီ အသင်းမှာ ရှိနေတဲ့ မက်ဆီရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ နေမာဟာ မက်ဆီကို ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ လာစေချင် နေပြီး မက်ဆီသာ လာခဲ့မယ် ဆိုရင် လက်ရှိမှာ သူ ကစားနေတဲ့ နံပါတ် ၁၀နေရာကို မက်ဆီအတွက် ပေးဖို့ အသင့်ပဲလို့ နေမာက ဆိုထားပါတယ်။ ဘရာဇီးလ် ဂန္တဝင် ကစားသမားကြီး ဖြစ်သူ ကာဖူးကတော့ နေမာ ၊ အမ်ဘာပေနဲ့ မက်ဆီတို့ရဲ့ အတွဲအဖက်ကို မြင်ချင်နေပုံပါပဲ။

 

Photo Credit: Fot Mob

နေမာ ၊ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ အတွဲအဖက်ဟာ အနိုင်ယူလို့မရတဲ့ တိုက်စစ်အတွဲ ဖြစ်လာမယ့် အကြောင်းကို ကာဖူးက “ဒါက အရမ်းကို အံ့အားသင့်စရာ ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်သာ ဆိုရင် သူတို့ကို ဆန့်ကျင်ပြီး ကစားရဲမှာ မဟုတ်ပါဘူး။ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ကို ရင်ဆိုင် ကစားရတာက ကောင်းမွန်မှာ မဟုတ်ပါဘူး။ သူတို့က အရမ်းကောင်းတဲ့ သုံးဦးတွဲ တိုက်စစ် ဖြစ်လာနိုင်ပါတယ်။ အခုချိန်မှာ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေသလို မက်ဆီက ပီအက်စ်ဂျီ အသင်းဆီ ပြောင်းရွှေ့မလား ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် တကယ်လို့ မက်ဆီကသာ နေမာ ၊ အမ်ဘာပေတို့နဲ့ ပီအက်စ်ဂျီ အသင်းမှာ ပေါင်းစည်းသွားရင် ဒါက တခြားအသင်းတွေ အတွက် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ သူတို့က တစ်ကမ္ဘာလုံးကို အနိုင်ယူနိုင်တဲ့ တိုက်စစ်အတွဲအဖက် ဖြစ်လာပါလိမ့်မယ်” လို့ သုံးသပ် သွားခဲ့ပါတယ်။