ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြ ဖြစ်တဲ့ သောမတ်စ် တူချယ် က ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် အင်္ဂါနေ့ညမှာ ကစားမယ့် လိုက်ပ်ဇစ် နဲ့ ပွဲစဉ်ကို အနိုင်ရချင်ရင် အသင်းအနေနဲ့ နေမာ နဲ့ အမ်ဘာပီ ကို လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီ အသင်းအနေနဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ၃ ပွဲကစားပြီး ၃ မှတ်သာ ရရှိထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လိုက်ပ်ဇစ် အသင်း တို့ရဲ့ နောက်မှာ ၃ မှတ်အကွာနဲ့ ရောက်ရှိ‌နေပြီး အုပ်စုရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းအနေနဲ့ လိုက်ပ်ဇစ် အသင်းကိုသာ ရှုံးနိမ့်ခဲ့ရင် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ စောစောစီးစီး နှုတ်ဆက်ရဖွယ် ရှိသလို ဝေဖန်မှုတွေလည်း အတော်လေးခံရဖို့ ရှိနေပါတယ်။ နည်းပြ သောမတ်စ် တူချယ်ကတော့ အဆိုပါ ချန်ပီယံလိဂ် ပွဲစဉ်ကို အသင်းရဲ့ ဖိုင်နယ်ပွဲအဖြစ် သဘောထားပြီး အကောင်းဆုံး ကစားသွားမှာ ဖြစ်တယ်လို့ ဆိုကာ နေမာ ရဲ့ ကြံ့ခိုင်မှု အပေါ်မှာလည်း စွန့်စားဖို့ရာ စိုးရိမ်နေပါတယ်။

Photo Credit: Express

နေမာ အနေနဲ့ ဒဏ်ရာ ပြဿနာကြောင့် ပီအက်စ်ဂျီ အသင်းရဲ့ ပွဲစဉ် သုံးပွဲကို လွဲချော်ထားရသလို နိုင်ငံတကာ ပွဲစဉ်မှာလည်း ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ မိုနာကို အသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ လူစားလဲဝင်ရောက်ပြီး အသင်းအတွက် မိနစ် ၃၀ ကစားပေးခဲ့ပါတယ်။ ရလဒ်ကတော့ နည်းပြ တူချယ် အပေါ် ဖိအားတွေ ပိုမို များပြားလာတော့တာပဲ ဖြစ်ပါတယ်။ နည်းပြ တူချယ် ကတော့ နေမာ အနေနဲ့ လိုက်ပ်ဇစ် နဲ့ ပွဲစဉ် မှာ ပါဝင်ကစားနိုင်မယ့် အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။ “ ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ်။ သူ ကျွန်တော့်တို့ အသင်းဘက်ကနေ ကစားပေးဖို့ လိုပါတယ်။ သူ့မှာ အရည်အချင်းနဲ့ အတွေ့အကြုံအများကြီး ရှိပါတယ်။ သူ့အနေနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာမှာ အကောင်းဆုံး အနေအထားမှာ ရှိမနေသေးပေမယ့်လည်း သူ မနက်ဖြန်မှာ ကစားနိုင်ပါလိမ့်မယ်။ အသင်းအနေနဲ့ သူ့အပေါ်မှာပဲ မမှီခိုနိုင်ဘူးလို့ လည်း မျှော်လင့်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

Photo Credit: Express

အမ်ဘာပီ အနေနဲ့ မိုနာကို အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ နှစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း ၂၀၂၀ ခုနှစ်အတွင်း ချန်ပီယံလိဂ် သွင်းဂိုး တစ်ဂိုးမှ မရရှိသေးပါဘူး။ ဒါဟာ အမ်ဘာပီ အတွက် ဆိုးရွားတဲ့ စံချိန်တစ်ခု ဖြစ်ပြီး ၅၂၉ မိနစ် အတွင်း ဂိုးမသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နည်းပြ တူချယ်ကတော့ အမ်ဘာပီ နဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ အကယ်၍ နေမာ နဲ့ အမ်ဘာပီသာ ဂိုးမသွင်းနိုင်ရင် အသင်း အတွက် အတော်လေး သက်ရောက်မှု ရှိပါလိမ့်မယ်။ သူတို့ နှစ်ယောက် မနက်ဖြန်မှာ ဂိုးသွင်းနိုင်ပါစေလို့ ကျွန်တော် မျှော်လင့်တယ်။ ကျွန်တော်တို့ အမ်ဘာပီ ရဲ့ သွင်းဂိုးတွေကို လိုအပ်ပါတယ်။ သူက ပွဲကို အဆုံးအဖြတ် ပေးနိုင်မယ့် အရာတိုင်းကို လုပ်ဆောင်နေတဲ့ ကစားသမားတစ်ဦးပါ။ မိုနာကိုနဲ့ ပွဲတုန်းက သူ နှစ်ဂိုးသွင်းနိုင်ခဲ့တယ်။ အခုက သူ့ အတွက် အချိန်ကောင်းပဲ ” လို့ ဆိုခဲ့ပါတယ်။