ပြင်သစ် လီဂူးဝမ်းရဲ့ ပြိုင်ဘက်ကင်းအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ပီအက်စ်ဂျီရဲ့ အဝတ်လဲခန်းထဲမှာ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေတို့ရဲ့ ရန်ပွဲကြောင့် နေမာကို ထောက်ခံသူနဲ့ အမ်ဘာပေကို ထောက်ခံသူ ဆိုပြီး အဖွဲ့ ၂ဖွဲ့ ကွဲနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ အမ်ဘာပေနဲ့ နေမာတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဆက်ဆံရေး အဆင်မပြေမှုတွေ ဖြစ်လာခဲ့ကြပြီး နေမာက သူ့ရဲ့ အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီ တယောက် သူတို့အသင်းဆီ ပြောင်းလာခဲ့ပြီးနောက် အမ်ဘာပေနဲ့ ခပ်တန်းတန်းသာ ဆက်ဆံတော့တာကြောင့် သူတို့နှစ်ဦးရဲ့ ကြားထဲမှာ အက်ကွဲကြောင်းတွေ စတင် ဖြစ်ပေါ်လာတာပါ။

Photo Credit: Marca

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း တိုးခဲ့ချိန်မှာ နေမာကို ရောင်းထုတ်ကာ ထိပ်တန်း တိုက်စစ်မှူး တဦးကို အစားထိုး ခေါ်ယူဖို့ ပီအက်စ်ဂျီရဲ့ ဘုတ်အဖွဲ့ထံ တိုက်တွန်း အကြံပေးခဲ့ပြီး အဆိုပါ အကြံပေးမှုကို နေမာ တယောက် ကြားသိပြီးနောက် နေမာနဲ့ အမ်ဘာပေတို့ရဲ့ ကြားမှာ အချင်းချင်း ရန်ဆောင်မှုတွေ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီရဲ့ ဘုတ်အဖွဲ့နဲ့ ဝါရင့် နောက်ခံလူ ဖြစ်သူ ဆာဂျီယို ရာမို့စ်တို့က နေမာနဲ့ အမ်ဘာပေတို့ရဲ့ ကြားထဲမှာ ဆက်ဆံရေး ပြေလည်အောင် ကြိုးပမ်းနေကြပေမယ့် နေမာနဲ့ အမ်ဘာပေတို့ဟာ တဦးနဲ့ တဦး စကားပြောဆိုခြင်း မရှိတော့သလို ကွင်းထဲမှာလည်း အပြန်အလှန် ဘောလုံးပေးပို့မှုတွေ မလုပ်တော့ပါဘူး။

Photo Credit: Marca

Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အမ်ဘာပေက အဝတ်လဲခန်းထဲမှာ နေမာရဲ့ တခြားအသင်းဖော်တွေ အပေါ် လွှမ်းမိုးနိုင်အောင် ကြိုးပမ်းနေမှုတွေကို သဘောမကျပဲ နေမာရဲ့ လုပ်ရပ်တွေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ချိန်မှာ အသင်းဘက်က သူ့ကို ကတိပေးခဲ့တဲ့ အသင်းအား ဦးဆောင်ခွင့် ပေးမယ် ဆိုတဲ့ ကတိကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်နေကြောင်း သံသယ ဝင်လာတာကြောင့် အခုလိုမျိုး သူတို့နှစ်ဦးကြားထဲမှာ ဆက်ဆံရေး အေးခဲသွားတာ ဖြစ်ကြောင်း သိရပါတယ်။

ယခုအချိန်မှာတော့ ပီအက်စ်ဂျီရဲ့ အဝတ်လဲခန်းထဲမှာ ပြင်သစ်စကားကို အဓိကထား ပြောကြတဲ့ ကစားသမားတွေက အမ်ဘာပေကို ထောက်ခံနေကြပြီး ဘရာဇီးလ်သားတွေ ၊ နေမာနဲ့ နီးစပ်သူတွေကတော့ နေမာကို ထောက်ခံနေကြကာ ပီအက်စ်ဂျီနည်းပြသစ် ဂယ်လ်တီယာအနေနဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး ပြိုကွဲမှုကြောင့် အသင်းတွင်း စည်းလုံးမှု ပျက်ပြားသွားမှာကို စိုးရိမ်နေရပါတယ်။