ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး ဘောလုံးနယ်ပယ်အတွင်းမှာ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့နှစ်ဦးတည်းသာ အလွှမ်းမိုးဆုံးဖြစ်ခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်တွေကို သူတို့နှစ်ယောက်ကပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားဆုကို (၂)ကြိမ်တိုင်တိုင် ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဘရာဇီးဂန္တဝင်နောက်ခံလူ ကာဖူးကတော့ သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ တိုက်စစ်ကစားသမားနေမာသာ တခြားဘောလုံးသမားတွေအားလုံးထက် ဘောလုံးနည်းစနစ်ပိုင်းမှာ အကျွမ်းကျင်ဆုံးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Marca

ဘရာဇီးလက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုပေါင်းများစွာကို ရယူထားခဲ့ဖူးတဲ့ နောက်ခံကစားသမားဟောင်းကြီးကာဖူးက Fox Sports Brazil နဲ့ အင်တာဗျူးနေစဉ်အတွင်း “ဒီဘက်ခေတ် ဘောလုံးလောကအတွင်းမှာက နည်းစနစ်ပိုင်းတွေ ပိုမိုအသုံးပြုလာကြတယ်။ အဲ့ဒီလို နည်းစနစ်ပိုင်းနဲ့ပတ်သက်ရင်တော့ နေမာထက် ပိုကောင်းတဲ့သူဆိုတာ လုံးဝကိုမရှိဘူး။ ကျွန်တော် အရမ်းကို နှစ်သက်ရပါတယ်ဆိုတဲ့ မက်ဆီတောင် နည်းစနစ်ပိုင်းနဲ့ပတ်သက်ရင် နေမာကို မကျော်လွန်နိုင်ဘူး။ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေကလည်း နေမာရဲ့ဘောလုံးကစားဟန်တွေကို အအြဲစောင့်ကြည့်ချင်နေကြတာ”

Photo Credit : Sport Mole

“သူကောင်းကောင်းကစားနိုင်ခဲ့ရင် ဘရာဇီးလက်ရွေးစင်အသင်းလည်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်တယ်။ သူက ဘရာဇီးဘောလုံးလောကအတွက် ကွဲပြားခြားနားမှုတစ်ခုကို လုပ်ဆောင်ပေးနိုင်တဲ့သူပါ။ အခုအချိန်က သူ့အတွက် ရင့်ကျက်တည်ငြိမ်စွာနဲ့ ဖြတ်သန်းရမယ့်အချိန်ပဲ။ ပီအက်စ်ဂျီမှာလည်း သူကခေါင်းဆောင်တစ်ယောက်လိုဖြစ်နေပြီ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အခုလို စီနီယာကစားသမားကြီးတစ်ယောက်ရဲ့ ချီးကျူးမှုကို ပိုင်ဆိုင်လိုက်ရတဲ့ နေမာက ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၆)ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ နေမာဟာ လက်ရှိမှာတော့ ဗိုင်းရပ်စ်ပြသာနာတွေကြောင့် နေအိမ်မှာသာ လေ့ကျင့်ခန်းတွေ သီးသန့်ပြုလုပ်နေလျက်ရှိကာ လာမယ့်ဘောလုံးရာသီမှာတော့ သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီကို ပြန်လည်ပြောင်းရွှေ့ကစားနိုင်အောင်လည်း လုပ်ဆောင်နေလျက်ရှိပါတယ်။