ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းထံကို ပြန်လည် ပြောင်းရွှေ့ဖို့အတွက် သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပေမယ့် လာမယ့် ဘောလုံးရာသီမှာတော့ ပီအက်စ်ဂျီအသင်းမှာပဲဆက်ရှိနေမှာ ဖြစ်တယ်လို့ အသင်းဖော် အန်ဒါ ဟာရဲယားက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အသက်၂၈နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို၂၂၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ပီအက်စ်ဂျီ အသင်းနဲ့အတူ ပြင်သစ်နိုင်ငံမှာ အောင်မြင်မှု များစွာ ရယူနိုင်ခဲ့ပေမယ့် သူ ရယူလိုတဲ့ ချန်ပီယံလိဂ်ဖလားကို မဆွတ်ခူးနိုင်သေးတာကြောင့် အသင်းပြောင်းဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သူပါ။

Photo Credit: Daily Mail.com

တစ်ဖက်မှာလည်း နေမာရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းဟာ အဓိကတိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ ခြေစွမ်းကျလာတဲ့ အချိန်မှာ အသင်းရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ့်သူ အဖြစ် နေမာကို သတ်မှတ် ထားပြီး အသင်းထံကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေတာပါ။ စပိန်သတင်းစာတွေရဲ့ ဖော်ပြမှုတွေအရတော့ ဘာစီလိုနာအသင်းဟာ နေမာ ကို ခေါ်ယူနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းထံကို ကမ်းလှမ်းမှု သုံးကြိမ်ထက်မနည်း ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဘက် ကတော့ နေမာကို ရောင်းချဖို့အတွက် ငြင်းဆန်ထားတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာတော့ စပိန်ကွင်းလယ် ကစားသမား ဟာရဲယားက နေမာနဲ့ အမ်ဘာပေဟာ လာမယ့် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အသင်းမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ဆိုလာခဲ့ပါတယ်။

Photo Credit: Daily Mail.com

ဒါ့အပြင် ဟာရဲယားက နေမာဟာ ပီအက်စ်ဂျီ အသင်းမှာ ရှိနေရတာလောက် တစ်ခါမှ မပျော်ဖူးဘူးလို့လည်း သူ့ကို ပြောခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါသေးတယ်။ အမ်ဘာပေနဲ့ နေမာတို့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဟာရဲယားက ” အမ်ဘာပေနဲ့ နေမာတို့ဟာ ပီအက်စ်ဂျီအသင်းမှာ ဒီထက်ပိုပြီး ကြာကြာ ရှိနေဦးမှာပါ။ သူတို့ဟာ အသင်းမှာ အတော်လေး ပျော်ရွှင်နေကြပါတယ်။ ဒီကွာရန်တင်းကာလ မတိုင်ခင်မှာ နေမာနဲ့ ညစာအတူတူ စားဖြစ်ခဲ့ကြပါတယ်။ သူဟာ ပီအက်စ်ဂျီအသင်းရဲ့ စီမံကိန်းတွေမှာ အဓိကကျတယ်လို့ သူ ပြောခဲ့ပါတယ်။ ပြီးတော့ ပီအက်စ်ဂျီအသင်းမှာ ရှိနေတဲ့ အချိန်တွေ လောက် ပျော်စရာကောင်းတဲ့အချိန်တွေ သူ့မှာ မရှိခဲ့ဘူးလို့ ပြောခဲ့ပါသေးတယ် ” လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။