ဘရာဇီးအသင်းရဲ့တိုက်စစ်ကစားသမား နေမာဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်ပေမယ့် သူ့အသင်း ပင်နယ်တီကန်ခွင့်ရအောင် ပင်နယ်တီဧရိယာအတွင်းထဲ ဟန်ဆောင်လှဲချခြင်းတွေ ဒိုင်ဗင်ထိုးခြင်းတွေကို မကြာခဏ ပြုလုပ်နေခြင်းတွေကြောင့် လူပြက်တစ်ယောက်နဲ့ ပိုတူလို့နေတယ်လို့ ပီရူးလက်ရွေးစင်အသင်းရဲ့ နောက်ခံကစားသမား ဇမ်ဘရာနိုက ပီရူးနဲ့ဘရာဇီးအသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

နေမာနဲ့ ဇမ်ဘရာနိုတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ (၁၄)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပီရူးနဲ့ဘရာဇီးတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်းမှာ ရင်ဆိုင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဘိုကာဂျူနီယာ နောက်ခံကစားသမား ဇမ်ဘရာနိုက ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရပေမယ့် နေမာကတော့ ဒီပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ နေမာက ဒီပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၃)ဂိုး ရယူနိုင်ခဲ့ပြီး ဒီသွင်းဂိုးတွေထဲက သွင်းဂိုး(၂)ဂိုးကတော့ ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်သလို ဒီပင်နယ်တီတွေကနေလည်း သူ့ကို ကစားပုံကြမ်းတမ်းမိခဲ့ရာကနေ ရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit : Alkaleej Today

နေမာနဲ့ပတ်သက်ပြီး ပီရူးနောက်ခံလူ ဇမ်ဘရာနိုက “အရိုးသားဆုံးပြောရရင်တော့ နေမာက တကယ့်ကို ကောင်းမွန်လှတဲ့ ကစားသမားတစ်ယောက်ပါ။ သူက ကမ္ဘာပေါ်က အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ နေမာက လူပြက်တစ်ယောက်နဲ့ ပိုတူနေပါတယ်။ နေမာအနေနဲ့ ကွင်းအတွင်းမှာ သူလုပ်ဆောင်ခဲ့တဲ့ အရာတွေအားလုံးနဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။ သူက ကစားသမားကောင်းတစ်ယောက်ဆိုပေမယ့် ကစားတဲ့အချိန်တိုင်းမှာ ပြစ်ဒဏ်ဖြစ်နိုင်လောက်မယ့် အရာတွေကိုပဲ ရှာဖွေနေတတ်တယ်။ ပင်နယ်တီဧရိယာထဲမှာဆိုရင် လှဲချလိုက်တာ (၄)(၅)ခေါက်လောက်အထိတောင် ရှိခဲ့တာကို ကျွန်တော်မြင်တွေ့ခဲ့ရတယ်။ သူဒီလိုလုပ်လို့ ပင်နယ်တီကန်ခွင့်ရပြီဆိုရင် သူ့အတွက် သွင်းဂိုးတွေက ပိုတိုးလာရော။ ဒီပွဲမှာ သူကန်သွင်းခဲ့ရတဲ့ ပင်နယ်တီ(၂)ကြိမ်လုံးကလည်း မပေးသင့်တဲ့ ပင်နယ်တီတွေပါ” လို့ ညည်းတွားပြောဆိုခဲ့ပါတယ်။ ဒီလို ဝေဖန်ခံခဲ့ရပေမယ့် နေမာဟာ အခုဆိုရင် သူရဲ့ဘရာဇီးအသင်းအတွက် သွင်းဂိုးပေါင်း(၆၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်လို့ အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူးကြီး ရော်နယ်ဒိုကို ကျော်ဖြတ်ကာ ဘရာဇီးရဲ့ဒုတိယသွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ရပြီး ထိပ်ဆုံးနေရာမှာရှိနေတဲ့ ပီလီရဲ့စံချိန်ကို လိုက်မှီနိုင်ဖို့လည်း အခြေအနေအကောင်းဆုံး ဖြစ်လို့နေပါတယ်။