ပီအက်စ်ဂျီအသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘရာဇီးတိုက်စစ်ကစားသမားနေမာဟာ ဒီနှစ်နွေစျေးကွက်အသင်းမှာ အသင်းကနေ ထွက်ခွာသွားဖို့ လုံးဝအစီအစဉ်မရှိပဲ အသင်းမှာသာ ဆက်လက်ရှိနေမှာဖြစ်တဲ့အပြင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဗိုလ်လုပွဲအဆင့်ထိကိုပါ ပြန်လည်တတ်လှမ်းလာနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ပြီး ဖိုင်နယ်မှာလည်း ပြိုင်ဘက်အသင်းကို အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကိုလည်း ပီအက်စ်ဂျီအသင်းအတွက် အရယူပေးသွားမယ်လို့ ကြံုးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်သမားနေမာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာပဲ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဗိုလ်လုပွဲအဆင့်ထိကို တတ်လှမ်းနိုင်ခဲ့ပေမယ့်လည်း ဗိုလ်လုပွဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို တစ်ဂိုးတည်းနဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ်ချန်ပီယံ ဖြစ်လာမယ့်အရေးကနေ သွေဖွယ်ခဲ့ရပါတယ်။ ဒီလို အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကို ရယူပေးချင်နေတဲ့ နေမာဟာ လာမယ့်ဘောလုံးရာသီမှာလည်း ပီအက်စ်ဂျီအသင်းနဲ့ ဆက်လက်ရှိနေဦးမှာဖြစ်ပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ဖလားကို အရယူဆောင်ပေးသွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

နေမာက “လာမယ့်ဘောလုံးရာသီအတွင်း ကျွန်တော် ပီအက်စ်ဂျီအသင်းမှာပဲ ဆက်လက်ရှိနေမှာပါ။ ကျွန်တော်အနေနဲ့ အသင်းမှာ ဆက်လက်ရှိနေပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိလာအောင် ရည်မှန်းထားပါတယ်။ ကျွန်တော်အနေနဲ့ အသင်းရဲ့သမိုင်းကြောင်းရေးမှတ်ထားတဲ့ စာအုပ်ထဲမှာ ကျွန်တော်ရဲ့နာမည်ကို ထည့်သွင်းခွင့်ရဖို့အတွက် ကျွန်တော်ဘက်ကနေ ဘာမဆိုလုပ်ဆောင်သွားမှာပါ” လို့ အသင်းရဲ့အင်တာဗျူးအစီအစဉ်မှာ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်လည်ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းတို့ကြားမှာ နေမာရဲ့ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး အဆင်ပြေမှု မရယူနိုင်ခဲ့တဲ့အတွက် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာဖြစ်ကာ နေမာလည်း ပီအက်စ်ဂျီမှာပဲ ဆက်လက်ကျန်ရစ်နေခဲ့ရပါတယ်။ အသင်းနဲ့ အဆင်မပြေဖြစ်ခဲ့လို့ ပရိသတ်တွေရဲ့မုန်းတီးမှုကိုပါ ခံစားခဲ့ရတဲ့ နေမာဟာ ပီအက်စ်ဂျီအတွက် ပြန်လည်ကစားတဲ့အချိန်မှာတော့ အသင်းအတွက် သွင်းဂိုးတွေကို ဆက်တိုက်သွင်းယူပေးခဲ့ပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဖိုင်နယ်အဆင့်ဆီကိုတောင် တွန်းပို့ပေးနိုင်ခဲ့ကာ ပရိသတ်အချစ်တော်တစ်ယောက်အဖြစ် ပြန်လည်သတ်မှတ်ခံလာရပါတယ်။