ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ နေမာ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အစ္စတန်ဘူလ်အသင်းနဲ့ ပွဲစဉ် အပြီးမှာတော့ သူဟာ ပီအက်စ်ဂျီ အသင်းမှာ ဆက်ရှိနေချင်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၈နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူး ဖြစ်တဲ့ နေမာဟာ ၂၀၁၇ခုနှစ်မှာ ဘာစီလိုနာ အသင်းကနေ ပီအက်စ်ဂျီ အသင်းထံကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အဆိုပါ အချိန်မှ စတင်ကာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ကာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၉၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇၉ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၄၆ကြိိမ်အထိ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။

Photo Credit: PSG Talk

နေမာဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လာချိန်မှာ အသင်းနဲ့အတူ ၅နှစ်စာချုပ် ချုပ်ဆိုခဲ့သူ ဖြစ်ပေမယ့် အဆိုပါ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းဘက်က ယခုနှစ် ဘောလုံးရာသီ စတင်ချိန် ကတည်းက နေမာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။ ကနဦးမှာတော့ နေမာနဲ့ ပီအက်စ်ဂျီ အသင်းတို့ကြား စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေဟာ အနည်းငယ် မတင်မကျမှုတွေ ရှိနေပေမယ့် လက်ရှိအချိန်မှာတော့ အရာအားလုံးဟာ အကောင်းဘက်မှာ ရောက်ရှိနေသလို နေမာဟာ မကြာခင်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။

Photo Credit: PSG Talk

အစ္စတန်ဘူလ်အသင်းနဲ့ ပွဲစဉ် ပြီးဆုံးချိန်မှာတော့ နေမာက သူဟာ ပီအက်စ်ဂျီ အသင်းမှာ ပျော်ရွှင် နေကြောင်းနဲ့ အသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ထားကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ နေမာက “ကျွန်တော်က ပဲရစ်မြို့မှာ နေရတာကို ကျေနပ်သလို ဒီအသင်း ၊ ဒီအသင်းဖော်တွေနဲ့ ကစားရတာကို ပျော်ရွှင်နေပါတယ်။ ကျွန်တော်က ပီအက်စ်ဂျီအသင်းကနေ မထွက်ခွာချင်ပါဘူး” လို့ ပြောဆို သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဆက်စပ်သတင်းတွေ အရတော့ နေမာကို ပီအက်စ်ဂျီ အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ် ကစားသမား မက်ဆီကို အသင်းထံ ခေါ်ယူပေးရမှာ ဖြစ်ကာ နေမာကတော့ မက်ဆီ ရောက်လာမှသာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုမှာ ဖြစ်ကြောင်း သိရပါတယ်။