ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်သူ နေမာကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထူးခြားတဲ့ တစ်ကိုယ်တော် မှတ်တမ်းကောင်း တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အလိုင်းရန့် အရီနာကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အိမ်ရှင် ဘိုင်ယန်မြူးနစ်အသင်းက ပွဲကို တစ်ဖက်သတ် နီးပါး စိုးမိုးနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ ဂိုးသမား ကေလာ နာဗက်ရဲ့ လက်စွမ်း ၊ အမ်ဘာပေ ၊ နေမာတို့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ပီအက်စ်ဂျီအသင်းဟာ အဝေးကွင်းမှာ အနိုင်ရခဲ့တာပါ။

Photo Credit: BBC

အဆိုပါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းဟာ ဂိုးပေါက် ကန်သွင်းမှု ၃၁ကြိမ်အထိ ရရှိခဲ့သလို ဂိုးပေါက်တည့် ကန်ချက် ၁၂ကြိမ် အထိ ရှိခဲ့ပေမယ့် ၃၇မိနစ်မှာ သွင်းယူခဲ့တဲ့ ချူပိုမော်တင်ရဲ့ သွင်းဂိုးနဲ့ ၆၀မိနစ်မှာ သွင်းယူခဲ့တဲ့ သောမတ် မူလာရဲ့ သွင်းဂိုး ၂ဂိုးသာ အဖတ်တင်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ဂိုးပေါက် ကန်သွင်းမှု ၆ကြိမ်သာ ရခဲ့ပေမယ့် ဂိုးပေါက်တည့် ကန်ချက် ၅ကြိမ် ရှိခဲ့ကာ အဆိုပါ ဂိုးပေါက်တည့် ကန်ချက် ၅ကြိမ်ကနေ သွင်းဂိုး ၃ဂိုး ရရှိခဲ့တာပါ။ ပီအက်စ်ဂျီအသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၃မိနစ်နဲ့ ၆၈မိနစ်တို့မှာ အမ်ဘာပေ ၊ ပွဲကစားချိန် ၂၈မိနစ်မှာ မာကွင်ဟိုတို့က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: BBC

ပီအက်စ်ဂျီအသင်းရဲ့ အဖိုးတန် အဝေးကွင်းနိုင်ပွဲမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ နေမာဟာ ကိုယ်တိုင် သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့ပေမယ့် အသင်းဖော်တွေ ဖြစ်တဲ့ အမ်ဘာပေရဲ့ သွင်းဂိုးနဲ့ မာကွင်ဟိုရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ရရှိခဲ့ပါတယ်။ အဆိုပါ စွမ်းဆောင်ရည်ကြောင့်ပဲ နေမာဟာ သူ့ရဲ့ ကစားသမား ဘဝမှာ ချန်ပီယံလိဂ်ပွဲစဉ် ၆၆ပွဲ ကစားခဲ့ရာ သွင်းဂိုး + ဂိုးဖန်တီးမှု ၆၇ကြိမ် အထိ ရရှိခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး သူ့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ စွမ်းဆောင်ရည်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေမှာသာ ရှိတဲ့ စွမ်းဆောင်ရည် ဖြစ်ကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းထောက်တွေက ချီးကျူးနေကြပါတယ်။