ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ကျင်းပသွားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ မာဆေးလ်အသင်းတို့ရဲ့ Le Classique ဒါဘီပွဲစဉ်အတွင်း မာဆေးလ်အသင်းရဲ့နောက်ခံကစားသမား အဲဗာရိုဂွန်ဇာလက်ဇ်ရဲ့ဦးခေါင်းကို ရိုက်ပုတ်ခဲ့မိလို့ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရသလို သူရဲ့အခုလို ပြိုင်ဘက်ကစားသမားအပေါ် ကစားပုံကြမ်းတမ်းတာမျိုးမဟုတ်ပဲ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုကြောင့် ပုံမှန်ပွဲပယ်ပြစ်ဒဏ်ထက် ပိုများပြားတဲ့ ပွဲပယ်ပြစ်ဒဏ်အဖြစ် (၇)ပွဲလောက်အထိ ပွဲပယ်ခံရဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Euronews

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမားနေမာဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရမှုကြောင့် လန်းစ်အသင်းနဲ့ ကစားခဲ့ရတဲ့ လီဂူးပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ပဲ မာဆေးလ်အသင်းနဲ့ ပွဲစဉ်မှာသာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့တာဖြစ်ပြီး သွင်းဂိုးမသွင်းယူနိုင်ပေးတဲ့အပြင် တိုက်ရိုက်အနီကတ်သာ ပြသခံခဲ့ရပါတယ်။ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ နေမာဟာ သူရဲ့ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုကြောင့် ပုံမှန်(၃)ပွဲပယ်ပြစ်ဒဏ်အစား (၇)ပွဲလောက်အထိ ပွဲပယ်ခံရနိုင်ဖွယ်ရှိတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky News

နေမာကတော့ သူနဲ့အချင်းများခဲ့တဲ့ မာဆေးလ်နောက်ခံကစားသမား ဂွန်ဇာလက်ဇ်က သူ့ကို မျောက်ဆိုတဲ့အသုံးအနှုန်းနဲ့ ရိုင်းပြစော်ကားစွာပြောဆိုခဲ့တာကြောင့် စိတ်လွတ်သွားခဲ့ရပြီး ကျူးလွန်မိခဲ့တာဖြစ်တယ်လို့ ပြောဆိုလာခဲ့ပေမယ့်လည်း ဂွန်ဇာလက်ဇ်ကတော့ သူက နေမာအပေါ်မှာ အသားအရောင်ခွဲခြားမှုတွေ လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့ပဲ နေမာကိုယ်တိုင်ကသာ သူ့အသင်းရဲ့ရှံးပွကြုံတွေ့တော့မယ့်အချိန်မှာ စိတ်ကိုမထိန်းချုပ်နိုင်တော့တာဖြစ်တယ်လို့ ပြန်လည်ဝေဖန်သွားခဲ့ပါတယ်။ နေမာက သူရဲ့တွစ်တာစာမျက်နှာပေါ်ကနေ ဂွန်ဇာလက်ဇ်နဲ့ပတ်သက်ပြီး “သူက လူသားပီသသူတစ်ယောက်မဟုတ်ဘူး။ အသားအရောင်ခွဲခြားတတ်သူတစ်ယောက်။ အဲ့ဒါကြောင့် သူ့ကို လေးစားစရာ ဘာအကြောင်းမှမရှိဘူး” “ငါရဲ့တစ်ခုတည်းသော နောင်တရမိတာ ဒီအရူးကောင်ရဲ့မျက်နှာကို မရိုက်မိလိုက်ရတာပဲ” လို့ ဝေဖန်ပြစ်တင်စကားတွေ တောက်လျှောက်ရေးသားလို့နေပါတယ်။ လက်ရှိမှာတော့ နေမာရဲ့ပီအက်စ်ဂျီအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပြင်သစ်လီဂူး အဖွင့်ပွဲစဉ်(၂)ပွဲဆက်တိုက် လန်းစ်နဲ့မာဆေးလ်အသင်းတို့ကို အရေးနိမ့်ထားခဲ့ရသလို ၂၀၁၁ခုနှစ်နောက်ပိုင်းမှ မာဆေးလ်အသင်းကို ပထမဆုံးအကြိမ်အဖြစ်နဲ့ အရှံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။