ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ် တိုက်စစ် ကစားသမား နေမာဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ အတ္တလန်တာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်မှာ တစ်ပွဲထဲနဲ့ လိမ်ခေါက်ဖြတ်ကျော်မှု ၁၆ကြိမ်အထိ ပြုလုပ် နိုင်ခဲ့တယ် လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်း က အတ္တလန်တာအသင်းကို နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရ ဖြတ်ကျော်ခဲ့တာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်မှာ နေမာဟာ အတ္တလန်တာအသင်းရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ကာ သွင်းဂိုး မသွင်းယူနိုင်ခဲ့ပေမယ့် မာကွင်ဟိုရဲ့ အရေးပါတဲ့ ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

အချက်အလက်တွေကို စုဆောင်းပြီး တင်ပြတတ်တဲ့ Opta ရဲ့ ဖော်ပြချက်အရတော့ နေမာ ဟာ အတ္တလန်တာအသင်းနဲ့ ပွဲစဉ်မှာ လိမ်ခေါက် ဖြတ်ကျော်မှု ၁၆ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ သမိုင်းမှာ တစ်ပွဲထဲနဲ့ လိမ်ခေါက် ဖြတ်ကျော်မှု အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီ ၊ အင်တာမီလန်အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဇနက်တီတို့နဲ့ တန်းတူ ရပ်တည်သွားနိုင်ခဲ့တယ် လို့ သိရပါတယ်။ နေမာ ဟာ အတ္တလန်တာအသင်းနဲ့ ပွဲစဉ်မှာ တစ်ဦးတည်းနဲ့ လိမ်ခေါက် ဖြတ်ကျော်မှု ၁၆ကြိမ်အထိ အောင်မြင်ခဲ့သလို ၂၀၀၈ ခုနှစ်မှာ မက်ဆီဟာ မန်ယူအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာ လိမ်ခေါက် ဖြတ်ကျော်မှု ၁၆ကြိမ်အထိ အောင်မြင်အောင် လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

ဒါ့အပြင် အင်တာမီလန်အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဖြစ်တဲ့ ဇနက်တီဟာလည်း ၂၀၀၃ ခုနှစ်မှာ ကစားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ဒိုင်နမိုကိဗ်အသင်းတို့ရဲ့ ပွဲစဉ်မှာ လိမ်ခေါက် ဖြတ်ကျော်မှု ၁၆ကြိမ်အထိ ပြုလုပ်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်း ဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကာ လစ်ဇက်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အနိုင်ရရှိတဲ့ အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြ ထားနိုင်တဲ့ နေမာတစ်ယောက် ပီအက်စ်ဂျီအသင်းကို အသင်းရဲ့ သမိုင်းမှာ တစ်ခါမှ မရခဲ့ဖူးတဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိအောင် ကြိုးစားပေးနိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့် သွားရမှာပါ။