MySport Myanmar

PSGကနေ ထွက်ရရင် အင်္ဂလန်မြေဆီ မပြောင်းချင်တဲ့ မန်ယူနဲ့ ချယ်လ်ဆီးပစ်မှတ် နေမာ

လတ်တလောမှာ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးတို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီကနေ မဖြစ်မနေ ထွက်ခွာရရင်တောင် အင်္ဂလန်မြေဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်မှူး နေမာက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်ရှိနေသေးတဲ့ ကစားသမား တဦး ဖြစ်ပြီး ပီအက်စ်ဂျီက အသင်းရဲ့ ပေါ်လစီ အပြောင်းအလဲနဲ့အတူ လုပ်ခလစာ မြင့်မားတဲ့ နေမာကို အသင်းကနေ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ထံ ဆက်သွယ်ကာ နေမာကို ခေါ်ယူလိုက ခေါ်ယူနိုင်ကြောင်း အသိပေးထားပြီး နှစ်သင်းစလုံးက နေမာကို ခေါ်ယူဖို့ စဉ်းစားနေကြပါတယ်။

ပြင်သစ် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ နေမာကလည်း ပီအက်စ်ဂျီကသာ သူ့ကို မလိုချင်တော့ရင် အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပြီး နေမာနဲ့ သူ့ရဲ့ အေးဂျင့်က ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေထံ ချိတ်ဆက်ကာ အသင်းရဲ့ နေမာအပေါ် ထားတဲ့ သဘောထားကို မေးမြန်းနေကြကာ အကယ်၍ ပီအက်စ်ဂျီက နေမာကို မလိုချင်တော့ရင် နေမာဟာ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Photo Credit: Football London

ဒါပေမယ့် နေမာက ပီအက်စ်ဂျီကနေ ထွက်ခွာဖြစ်ခဲ့ရင် ရာသီဥတု အရမ်းအေးတဲ့ အင်္ဂလန်နိုင်ငံဆီ ပြောင်းရွှေ့ဖို့ထက် အခြားနိုင်ငံတွေဆီသာ ပြောင်းရွှေ့ချင်နေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ဟာ နေမာကို ခေါ်ယူဖို့ မလွယ်ကူနိုင်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက ဆိုပါတယ်။

ယခုအချိန်မှာတော့ ဘာစီလိုနာ ၊ ဂျူဗင်တပ် စတဲ့ အသင်းတွေက နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် နှစ်သင်းစလုံးရဲ့ ဘဏ္ဍာရေး အခြေအနေက သိပ်မကောင်းတာကြောင့် နေမာလို လုပ်ခလစာမြင့် ကြယ်ပွင့် တိုက်စစ်မှူး တဦးကို စွန့်စားပြီး ခေါ်ယူဖွယ် မရှိပါဘူး။

Exit mobile version