ဘရာဇီးလ်အသင်းနဲ့ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်ဂျီအသင်းတို့ရဲ့ အဓိက ကစားသမားဖြစ်တဲ့ နေမာဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးအတွက် ကမ္ဘာကျော် ကျန်းမာရေး အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ UNICEF ကို ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နေမာဟာ အဆိုပါ လှူဒါန်းမှုကို တိတ်တဆိတ် ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့် ဘရာဇီးလ် TV show တစ်ခုဖြစ်တဲ့ Fofocalizando Show ကနေတဆင့် ဖော်ပြခံခဲ့ရအပြီးမှာတော့ နေမာရဲ့ လှူဒါန်းမှုဟာ ဘူးပေါ်သလို ပေါ်လာခဲ့ပါတယ်။

Photo Credit: Marca.com

နေမာဟာ ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေး အတွက် UNICEF ထံကို ဘရာဇီးလ်ငွေကြေး ငါးသန်း လှူဒါန်းခဲ့တာဖြစ်ပြီး အဆိုပါ ငွေကြေးဟာ ပေါင်၇၆၉၀၀၀ တန်ကြေးရှိတယ်လို့ သိရှိရပါတယ်။ ဘရာဇီးလ်သတင်းဌာနတွေရဲ့ သတင်း ဖော်ပြချက်တွေအရတော့ နေမာရဲ့ လှူဒါန်းမှုကြောင့် UNICEF ဟာ ကမ္ဘာတစ်ဝှမ်းမှာ လူ ၅၀၀၀၀နှင့်အထက်ကို ကိုရိုနာဗိုင်းရပ် ကုသစေနိုင်ရန်အတွက် အကူအညီပေးနိုင်မှာ ဖြစ်တယ် လို့ သိရှိခဲ့ရပြီး ဘရာဇီးလ်နဲ့ နေမာရဲ့ ပရိသတ် အများစုကတော့ နေမာရဲ့ လှူဒါန်းမှုအတွက် ဝမ်းသာလို့ နေကြပါတယ်။

Photo Credit: Marca.com

ဆက်စပ်သတင်းတွေအရတော့ နာမည်ကြီး ဘောလုံးရုပ်သံ စီစဉ်တင်ဆက်သူဖြစ်တဲ့ ဂယ်ရီ လိုင်နင်ကာဟာ ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေး အတွက် အင်္ဂလန် ကြက်ခြေနီအဖွဲ့ကို ပေါင် ၁.၇၅ သန်း လှူဒါန်းခဲ့ပြီး ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမားဖြစ်တဲ့ ဆားဘီးယားသား ဒီဂျိုကိုဗစ်ကတော့ သူ့ရဲ့ ဆားဘီးယားနိုင်ငံ အတွက် ဆေးပစ္စည်းတွေ ဝယ်ယူရန် ယူရို ၁ သန်း လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘုန်းမောက်အသင်း နည်းပြဖြစ်သူ အက်ဒီဟောင်းဟာ အသင်းရဲ့ ဝန်ထမ်းတွေကို လစာပေးချေစေနိုင်ဖို့အတွက် သူ့ရဲ့ လစာကို ကိုရိုနာဗိုင်းရပ် ဖြစ်ပွားနေချိန်အတွင်းမှာ မယူဘူးလို့လည်း သိရပါတယ်ခင်ဗျာ…။