ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ အဓိကတိုက်စစ်မှူး နေမာကတော့ သူ့ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် အပြီးသတ် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပြီလို့ သိရပါတယ်။ အသက်၂၈နှစ်အရွယ် နေမာဟာ ဘာစီလိုနာအသင်းထံကနေ ပီအက်စ်ဂျီအသင်းထံကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီအသင်းမှာ ရှိနေခဲ့တာဟာ သုံးနှစ်နီးပါး ရှိလာပြီဖြစ်ပေမယ့် အပြောင်းအရွှေ့ရာသီ ရောက်တိုင်း အသင်းဟောင်းဆီကို ပြန်ပြောင်းဖို့အတွက် သတင်းတွေ ထွက်ပေါ်လေ့ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Marca.com

ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ နေမာဟာ လက်ရှိရာသီအကုန် မှာ အသင်းဟောင်း ဘာစီလိုနာအသင်းထံကို ပြန်ဖို့အတွက် ယတိပြတ် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်းနဲ့ ဘာစီလိုနာအသင်းထံကို ပြန်ပြီး ပြောင်းရွှေ့ခွင့်ရဖို့အတွက် သူလုပ်နိုင်သမျှ အရာအားလုံးကို လုပ်သွားမှာဖြစ်တယ်လို့ သိရှိထားရပါတယ်။ ပြင်သစ်အခြေစိုက် သတင်းစာတွေရဲ့ အဆိုအရတော့ ပီအက်စ်ဂျီအသင်းဘက်ကလ​ဲ UEFA ရဲ့ ဘဏ္ဏာရေးစည်းမျဉ်းနဲ့ ကိုက်ညီစေရန် အတွက် နေမာနဲ့ အမ်ဘာပေတို့ နှစ်ဦးထဲက တစ်ဦးကို ရောင်းချရဖို့ ရှိနေရာမှာ အမ်ဘာပေကိုသာ အသင်းမှ ဆက်ထိန်းလိုနေပြီး နေမာကို ဝယ်ယူစဉ်က ပေးချေခဲ့ရတဲ့ ယူရို၂၂၂သန်း ရရှိပါက ရောင်းချသွားမှာဖြစ်ကြောင်း သိရှိရတာကြောင့် နေမာရဲ့ အပြောင်းအရွှေ့ဟာ မကြာမီမှာပဲ တရားဝင် ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။

Photo Credit: Marca.com

ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေကတော့ ဘာစီလိုနာအသင်းဟာ နေမာကို ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် အမှန်တကယ် ကြိုးစားနေသော်လည်း ပီအက်စ်ဂျီအသင်း တောင်းဆိုမယ့် ပြောင်းရွှေ့ကြေး ယူရို၂၂၂သန်းကို ပေးချေနိုင်ဖို့ မရှိကြောင်းနဲ့ အသင်းမှာရှိနေတဲ့ ပြင်သစ်သား ဂရစ်ဇ်မန်းနဲ့အတူ ပြောင်းရွှေ့ကြေး ယူရို၁၀၀ သန်းနဲ့ နေမာကို ကမ်းလှမ်းမှာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုထားတာတွေ ရှိပါတယ်။ ဥရောပ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကို အသုံးချပြီး နေမာကို ပြန်လည်ခေါ်ယူနိုင်ကြောင်း သုံးသပ်ထားကြပြီး ဘာစီလိုနာအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ နေမာတင်မကပဲ အင်တာမီလန်အသင်းနဲ့အတူ တောက်ပနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မာတီနက်စ်ကိုပါ ခေါ်ယူနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။ အကယ်၍ မာတီနက်စ်ကိုသာ ဘာစီလိုနာ အသင်းက ခေါ်ယူဖြစ်ခဲ့ပါက စတေးခံရမယ့်လူဟာ တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီ ဖြစ်တယ်လို့လည်း သိထားရပါတယ်။