မနေ့ညက ကျင်းပသွားခဲဲ့တဲ့ အစ္စတန်ဘူလ်ဘာရှက်ဆီဟီအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ချန်ပီယံလိဂ်ပွဲစဉ် ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ပီအက်စ်ဂျီအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားနေမာ ထိခိုက်ဒဏ်ရာရသွားခဲ့လို့ ပွဲကိုဆက်လက်ကစားနိုင်ခြင်းမရှိတော့တဲ့အတွက် နောက်ထပ်တိုက်စစ်ကစားသမားဖြစ်တဲ့ ပေါ်လိုဆာရာဘီယာနဲ့ လူစားလဲခံခဲ့ရကာ ဒီဒဏ်ရာကြောင့် နေမာဟာ ရက်အည်းငယ်လောက်အထိ အနားယူရနိုင်တယ်လို့ ပီအက်စ်ဂျီနည်းပြ သောမတ်တူချယ်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : TemaTalk

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမားနေမာဟာ ဒီရာသီမှာ ဒဏ်ရာတွေ ပွဲပယ်ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်နေရပြီး အခုလည်း ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် နန့်စ် ရန်းနက်စ်အသင်းတို့ ရင်ဆိုင်ကစားရမယ့် လီဂူးပွဲစဉ်တွေအပြင် လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ရဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လာမယ့်(၁၀)ရက်အတွင်းမှာပဲ ပြိုင်ပွဲ(၃)ပွဲကို ဆက်တိုက်ကစားရမှာဖြစ်လို့ နေမာလို အဓိက ကစားသမားတစ်ယောက်ကို ဒဏ်ရာကြောင့် လက်လွတ်ရမှာက အသင်းအတွက် ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။

Photo Credit : Goal

နေမာရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ပီအက်စ်ဂျီနည်းပြတူချယ်က “နေမာဒဏ်ရာရပြီးနောက် သူ့ကို လူစားလဲဖို့က မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာ ဖြစ်လာခဲ့တယ်။ အခုတော့ ကျွန်တော်တို့တွေ သူရဲ့ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရတော့မှာပါ။ ဒဏ်ရာက အရမ်းဆိုးဆိုးရွှားရွှားလောက် မဟုတ်လောက်ပေမယ့် သူ့အတွက် မသက်မသာဖြစ်စေရပါတယ်။ အသင်းကလည်း အခုအချိန်မှာ ပွဲစဉ်ဇယားတွေ ကျပ်နေပြီပါပြီ။ သူလည်း အသင်းရဲ့ ပွဲတချို့ကို လွဲချော်ရနိုင်တယ်။ ကျွန်တော် သေချာတော့မပြောတတ်သေးပါဘူး။ ကျွန်တော်ကတော့ ဆိုးရွှားတဲ့ ဒဏ်ရာမဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရမှာ။ စစ်ဆေးမှုပြီးတဲ့အထိ ဆက်လက်စောင့်ကြည့်ရမှာပါ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ နေမာဟာ ဒီနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ(၆)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ (၂)ဂိုးသွင်းယူခဲ့ပြီး (၄)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ နေမာဟာ ဒီနှစ်ဘောလုံးရာသီအစမှာ ကိုဗစ်ပိုး ကူးစက်နေလို့ လန်းစ်နဲ့ပွဲကို လွဲချော်ခဲ့ရသလို မာဆေးလ်အသင်းနဲ့ပွဲမှာလည်း အနီကတ်ပြခံခဲ့ရလို့ မက်ဇ် နိုက်စ်အသင်းတို့နဲ့ ကစားခဲ့ရတဲ့ လီဂူးပွဲတွေကိုလည်း ပါဝင်ခွင့်မရခဲ့ပါဘူး။ နေမာရဲ့ပီအက်စ်ဂျီအသင်းကတော့ ချန်ပီယံလိဂ်မှာ ယူနိုက်တက်အသင်းကို အရေးနိမ့်ထားပြီး ဘာရှက်ဆီဟီကို အနိုင်ရထားခဲ့ကာ (၃)မှတ်ပဲ ရထားခဲ့လို့ လိုက်ပ်ဇစ်နဲ့ ကစားရမယ့်ပွဲမှာ ရလဒ်ကောင်းတွေ ရယူဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။