ဘာစီလိုနာအသင်း နဲ့ ဘရာဇီး လက်ရွေးစင်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ရီဗာဒိုလ်ကတော့ နိုင်ငံချင်းတူ ဘရာဇီးသား နေမာအနေနဲ့ ဘလွန်းဒီအော်ဆုကို အလွယ်တကူ (၂) ဒါမှမဟုတ် (၃) ကြိမ် ရရှိနိုင်ပါတယ်လို့ Betfair မှာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး နေမာဟာ တစ်ချိန်က ရီဗာဒိုလ် ကစားခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းမှာ (၄) နှစ်ကြာ ကစားခဲ့ပြီးတဲ့နောက် ပီအက်စ်ဂျီအသင်းကို ယူရို (၂၂၂) သန်းနဲ့ ပြောင်းရွှေ့သွားခဲ့စဉ်က ကမ္ဘာ့ ဈေးအကြီးဆုံး ဘောလုံး ကစားသမား အဖြစ် သမိုင်းဝင် မှတ်တမ်းတင်သွားခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: Goal

 

တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းကို ရောက်သွားခဲ့စဉ်ကတည်းက ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၈၁) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၇၀) ဂိုး သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ အတူ လီးဂူးဝမ်း ဆုဖလားကိုလည်း (၃) ကြိမ် ရရှိခဲ့ပြီ ဖြစ်ပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းကို ပြန်သွားမယ်လို့ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပေမဲ့လည်း ဘရာဇီး ကစားသမားဟောင်း ရီဗာဒိုလ်ကတော့ နေမာအနေနဲ့ လက်ရှိအချိန်မှာ စိတ်ထားတွေ မှန်ကန်နေပြီ ဖြစ်ပြီး ဘလွန်းဒီအော်ဆုကို (၃) ကြိမ် အလွယ်တကူ ရနိုင်တယ်လို့ ပြောပါတယ်။

Photo Credit: Goal

Betfair မှာ ရီဗာဒိုလ်က “နေမာက ဘောလုံးပေါ်မှာ အာရုံစိုက်မှုအတွက် ချီးကျုးမှုခံရပြီးသားပါ။ သူ့ရဲ့ စိတ်ထားက လက်ရှိအချိန်မှာ မှန်ကန်နေပါပြီ။ ဒါက ပီအက်စ်ဂျီအသင်းအတွက် ချန်ပီယံ လိဂ် ပြိုင်ပွဲမှာ အကျိုးရှိနိုင်ပါတယ်။ သူက (၂၈) နှစ် ရှိနေပါပြီ။ သူ ပြိုင်စံရှား ကစားသမား ဖြစ်ဖို့ အာရုံစိုက်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ သူက ဘလွန်းဒီအော်ဆုကို လွယ်လွယ်နဲ့ (၂) ကြိမ် ဒါမှမဟုတ် (၃) ကြိမ် ရရှိနိုင်ပါတယ်။ ကစားသမား တစ်ဦးအနေနဲ့ ဘောလုံးကိုပဲ အာရုံစိုက်ဖို့က မလွယ်ပါဘူး။ သူတို့ အာရုံစားစရာတွေ ရှိတဲ့ အချိန်မှာပေါ့။ ဒါပေမဲ့ နေမာက သူ့ရဲ့ အပြုအမှုကို ပို ထိန်းလာပြီး သတင်းစာတွေမှာ ကွင်းထဲက သူ့ရဲ့ အောင်မြင်မှုပဲ မြင်စေပါတော့တယ်။ ဒါက ကျွန်တော့်ကို အလွန် ပျော်ရွှင်စေပါတယ်”လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။