ဥရောပဘောလုံးပြိုင်ပွဲကြီးတွေ ပြန်လည်မစတင်ခင်ကတည်းက ကစားသမားတွေအားလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိရလေအောင် ဥရောပဘောလုံးအဖွဲ့ချုပ်ကနေပြီး စာမျက်နှာ(၃၁)မျက်နှာ ပါဝင်တဲ့ ကစားသမားတွေ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက်စာအုပ်လေးကို ဖြန့်ဝေခဲ့ပြီး အဲ့ဒီစည်းကမ်းချက်တွေထဲမှာ ကစားသမားတွေအနေနဲ့ အကျီင်္လဲလှယ်ခွင့်မပြုရလို့ ထည့်သွင်းထားခဲ့ရာ မနေ့ညက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ဒီစည်းကမ်းချက်ကို ချိုးဖောက်မိခဲ့တဲ့အတွက် UEFA ရဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

Photo Credit : Fox Sports

မနေ့ညက ကျင်းပသွားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်းမှာ ပီအက်စ်ဂျီက ဥရောပအတွေ့အကြုံ နုနယ်နေသေးတဲ့ လိုက်ပ်ဇစ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး ကလပ်အသင်း သမိုင်းကြောင်းတလျှောက် ချန်ပီယံလိဂ်ဖိုင်နယ်အဆင့်ထိကို ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းခွင့်ရသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် နောက်ခံလူမာကွင်ဟို့စ် တောင်ပံကစားသမား ဒီမာရီယာနဲ့ ဟွမ်ဘားနတ်တို့က သွင်းဂိုးတွေရယူပေးခဲ့ပြီး အပြတ်အသတ်နဲ့ကို အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ပွဲပြီးဆုံးသွားချိန်မှာတော့ အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမားနေမာက လိုက်ပ်ဇစ်အသင်းရဲ့ဘယ်နောက်ခံကစားသမား မာဆယ်ဟယ်လ်စတန်ဘတ်ချ်နဲ့ ကင်မရာရိုက်ကူးနေတဲ့ မြင်ကွင်းအရှေ့မှာပဲ ဝတ်စုံချင်းလဲလှယ်မိခဲ့တာကြောင့် ဒီဖြစ်ရပ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကနေ ပြန်လည်စစ်ဆေးသွားဖွယ်ရှိနေပြီး ပြစ်မှုထင်ရှားတယ်ဆိုရင် လိုင်ယွန် (ဒါမှမဟုတ်) ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပွဲပယ်ခံရဖွယ် ရှိနေပါတယ်။ UEFA က ကစားသမားတွေ ဗိုင်းရပ်စ်ကူးစက်မခံရအောင် ကစားသမားအချင်းချင်း လက်ဆွဲနှုတ်ဆက်ခြင်းတွေ မလုပ်ဆောင်ဖို့ Mask တပ်ဆင်ကြဖို့ စတဲ့စည်းကမ်းချက်တွေကို စည်းကမ်းချက်စာအုပ်ထဲမှာ ဖော်ပြထားခဲ့ပေမယ့် အခုလို မျက်ဝါးထင်ထင် စည်းကမ်းချိုးဖောက်ခဲ့ကြတဲ့ နေမာနဲ့ ဟယ်လ်စတန်ဘတ်ချ်တို့ကတော့ အရေးယူတစ်စုံတစ်ရာနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပြီး နှစ်ယောက်စလုံးက ဒိုင်လူကြီးတွေရဲ့အရှေ့မှာကို လဲလှယ်ခဲ့တာဖြစ်လို့ ဒိုင်တွေရဲ့ပွဲအပြီး အစီရင်ခံစာတွေထဲမှာပါ သူတို့ရဲ့စည်းကမ်းချိုးဖောက်မှုအကြောင်းတွေ ပါဝင်လာနိုင်ပါတယ်။ တိုက်စစ်မှူးနေမာဟာ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲတွေမှာ အသင်းအတွက် သွင်းဂိုးမရယူခဲ့ပေမယ့်လည်း အသင်းအတွက် အကောင်းဆုံးကစားပေးထားနိုင်ခဲ့ကာ သူရဲ့အတိုးအလှုပ်တွေနဲ့ ပြိုင်ဘက်ခံစစ်ကို အလုပ်ရှပ်စေနိုင်ခဲ့ပါတယ်။