ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ တနင်္ဂနွေနေ့ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ဘိုင်ယန်အသင်းကို (၁-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရှုံးနိမ့်မှုက ဘောလုံး ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ သူ့ရဲ့ လှုမှုကွန်ရက် တွစ်တာပေါ်မှာ ရေးသားခဲ့ပြီး ချန်ပီယံလိဂ် ရတဲ့ အသင်းကို ဂုဏ်ပြုရာမှာ အမှား ပြုလုပ်ခဲ့ပါတယ်။ တိုက်စစ်မှူး နေမာဟာ ချန်ပီယံလိဂ် ဆုဖလား ရရှိတဲ့ အသင်းကို ဂုဏ်ပြုသွားတဲ့ အချိန်မှာ ဘိုင်ယန်အသင်းကို ဂုဏ်ပြုခဲ့တာ မဟုတ်ဘဲ ဘေယန်လေဗာကူဆင်အသင်းကို ဂုဏ်ပြုသွားခဲ့တာ ဖြစ်ပြီး ဘေယန်လေဗာကူဆင် အသင်းကလည်း နေမာကို ဘာလို့ သူတို့အသင်းကို ဂုဏ်ပြုတာလဲလို့ မေးခွန်းပြန်ထုတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ပထမဆုံး အကြိမ် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း နည်းပြ ဟန်ဆစ် ဖလစ်ခ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်မရခဲ့တာကြောင့် ချန်ပီယံလိဂ် ပထမဆုံး အကြိမ် ရရှိနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ပွဲထွက် ကစားလာခဲ့ပြီး ဂိုးရနိုင်မယ့် အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် ရရှိတဲ့ အသင်းကို ဂုဏ်ပြုသွားခဲ့တဲ့ အချိန်မှာ အသင်းမှားပြီး ဂုဏ်ပြုပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လူမှုကွန်ရက်စ် တွစ်တာမှာ တိုက်စစ်မှူး နေမာက “ဆုံးရှုံးမှုက ဘောလုံး ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ကျွန်တော်တို့ အရာအားလုံး ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ နောက်ဆုံး အချိန်အထိ တိုက်ပွဲဝင်ခဲ့ပါတယ်။ အသင်းရဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကို အားပေးချင်ခင်ပေးကြမှု နဲ့ ဂရုစိုက်ပေးကြမှုတို့တွေအတွက် အလွန် ကျေးဇူးတင်ရှိပါတယ်။ နောက်ပြီး ဘေယန်အသင်းကိုလည်း ဂုဏ်ပြုပါတယ်” လို့ ရေးသားသွားခဲ့ပါတယ်။ ဘေယန်လေဗာကူဆင်အသင်းကလည်း နေမာရဲ့ စာကို ပြန်တင်ပြီး “နေမာရေ၊ ကျွန်တော်တို့အသင်းကို ဘာလို့ ဂုဏ်ပြုတာလဲ ဆိုတာကို ကျွန်တော်တို့ မသိပါဘူး။ ဒါပေမယ့်လည်း ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။