Le Classique ဒါဘီပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ မာဆေးလ်အသင်းတို့ရဲ့ ပြင်သစ်လီဂူးပွဲစဉ်ကတော့ အတော်လေးကို ပြိုင်ဆိုင်မှုတွေက ပြင်းထန်ခဲ့ပြီး နှစ်သင်းကြားမှာ အနီကတ်(၅)ကတ်ထိ ပြသခံခဲ့ရသလို အဝါကတ်တွေလည်း ပလူပျံနေခဲ့ပါတယ်။ ဒီလို အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့အထဲမှာ ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးတိုက်စစ်ကစားသမား နေမာလည်း ပါဝင်ခဲ့ပြီး နေမာကိုယ်တိုင်ကတော့ သူအနေနဲ့ ဒီပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ကစားသမားတွေရဲ့အသားအရောင်ခွဲခြားစော်ကားမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် စိတ်မထိန်းချုပ်နိုင်တော့တာလို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky News

ဒီအသင်းနှစ်သင်းဟာ ထိပ်တိုက်တွေ့ဆုံတိုင်းလိုလိုမှာ အခုလိုပဲ ပြိုင်ဆိုင်မှုပြင်းထန်ကြလေ့ရှိပေမယ့် အရင် Le Classique ဒါဘီပွဲတွေထက်စာရင်တော့ ပိုပြီးကြမ်းတမ်းခဲ့ပါတယ်။ အဓိကကတော့ ဧည့်သည်မာဆေးလ်အသင်းက ပထမပိုင်းပွဲကစားချိန်ကတည်းက အိမ်ရှင်ပီအက်စ်ဂျီအသင်းကို စတင်ဦးဆောင်ထားနိုင်ခဲ့တာကြောင့်ဖြစ်ပြီး ပီအက်စ်ဂျီအနေနဲ့ မာဆေးလ်ကို ပြိုင်ပွဲစုံမှာ ရှံးပွဲမရှိခဲ့တာဟာ ၂၀၁၁ခုနှစ်နောက်ပိုင်းကတည်းကဖြစ်လို့ မာဆေးလ်ဘက်ကနေ စတင်ဦးဆောင်ထားခြင်းခံရချိန်မှာ ပီအက်စ်ဂျီကစားသမားတွေက ပိုပြီးသွေးဆူလာခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ နှစ်သင်းပေါင်း အဝါကတ်(၁၄)ကတ်ထိကို ပြသခံခဲ့ရပြီး ပီအက်စ်ဂျီဘက်ကတော့ နေမာ ကာဇာဝါနဲ့ ပါရီဒက်စ်တို့ ထုတ်ပယ်ခံခဲ့ရပါတယ်။ နေမာကို အနီကတ်ပြသဖို့ ကွင်းလယ်ဒိုင်က VAR နဲ့ စစ်ဆေးကြည့်ရှုခဲ့ပြီးမှ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မာဆေးလ်ကစားသမား အဲဗာရိုဂွန်ဇာလိုရဲ့ခေါင်းကိုရိုက်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ နေမာကတော့ သူ့အနေနဲ့ ဒီပွဲစဉ်အတွင်းမှာ အသားအရောင်ခွဲခြားစော်ကားမှုနဲ့ ရင်ဆိုင်ခဲ့ရသလို သူကိုယ်တိုင် ပွဲကနေ ထွက်ခွာခဲ့ရစဉ်မှာလည်း အကူဒိုင်ကို “အဲ့ဒီအသားအရောင်ခွဲခြား စော်ကားမှုတွေဖြစ်ခဲ့တာ။ အဲ့ဒါကြောင့်ပဲ ကျွန်တော်ကျူးလွန်မိခဲ့တာ”လို့ ပြောဆိုသွားခဲ့ပါသေးတယ်။ France Football News နဲ့ Telefoot တို့ရဲ့အားကစားသတင်းထောက်ဖြစ်သူကတော့ အဲဗာရိုဟာ နေမာကို “မင်းရဲ့ပါးစပ်ကို ပိတ်ထားစမ်း။ ညစ်ပတ်တဲ့မျောက်” လို့ စော်ကားပြောဆိုခဲ့ကြောင်း ဖော်ပြသွားခဲ့ပါတယ်။ နေမာကလည်း သူရဲ့တွစ်တာစာမျက်နှာပေါ်မှာ “ငါနောင်တရမိတာတစ်ခုက အဲ့ဒီငကြောင်ကောင်ရဲ့မျက်နှာကို မရိုက်မိခဲ့တာပဲ” လို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကနေ ပြန်လည်စစ်ဆေးပြီး နောက်ဆက်တွဲအရေးယူမှုတွေကိုလည်း ဆက်လက်ပြုလုပ်သွားဖွယ် ရှိနေပါတယ်။