ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ နေမာက သူ့ရဲ့ နိုင်ငံအသင်း ဖြစ်တဲ့ ဘရာဇီးလ်နဲ့ ကလပ်အသင်း ဖြစ်တဲ့ ပီအက်စ်ဂျီတို့ အတွက် နောက်ဆုံး ကစားခဲ့တဲ့ ၁၆ပွဲဆက် သွင်းဂိုး (သို့) ဂိုးဖန်တီးမှု ရယူရင်း နိုင်ငံနဲ့ ကလပ်အတွက် ပွဲဆက်အများဆုံး ဂိုးပါဝင်ပတ်သတ်နိုင်တဲ့ ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သွားခဲ့ကြောင်း သိရပါတယ်။

အသက် ၃၀အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီနဲ့အတူ အတော်လေး ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး နေမာက ပီအက်စ်ဂျီအတွက် ၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Express

နေမာက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက်  ၆ပွဲ ပါဝင် ကစားပေးထားရာ ဂိုးပါဝင်ပတ်သတ်မှု ၁၅ကြိမ် အထိ ပြုလုပ်ထားနိုင်တာကြောင့် သူ့ရဲ့ တပွဲပျမ်းမျှ ဂိုးပါဝင်ပတ်သတ်မှုနှုန်းက ၂.၅ဂိုးနှုန်း အထိ ရှိနေသလို သူက ၆ပွဲစလုံးမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နေမာက ဘရာဇီးလ် အတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ၃ပွဲမှာလည်း သွင်းဂိုး ၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး သူဟာ အဆိုပါ ၃ပွဲစလုံးမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။

Photo Credit: Express

အချက်အလက် မှတ်တမ်းတွေအရ နေမာက မတ်လ ၂၅ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရာဇီးလ် ၄-၀ ချီလီပွဲမှ စတင်ကာ နိုင်ငံနဲ့ ကလပ်အတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ၁၆ပွဲဆက် ဂိုးပါဝင်ပတ်သတ်မှု ရှိခဲ့ပြီး အဆိုပါ စွမ်းဆောင်ရည်ကောင်းကြောင့်ပဲ နေမာဟာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့ နိုင်ငံနဲ့ ကလပ်အတွက် ၁၅ပွဲဆက် ဂိုးပါဝင်ပတ်သတ်မှု ရှိခဲ့တဲ့ စံချိန်ကောင်းကို ချိုးဖျက်ကာ စံချိန်သစ် တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နေမာက အဆိုပါ ၁၆ပွဲမှာ ပီအက်စ်ဂျီအတွက် ၁၇ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ဘရာဇီးလ်အတွက် သွင်းဂိုး ၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။