စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ သူတို့အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သလို လက်ရှိမှာ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းမှာ ကစားနေတဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာတို့ဟာ အပြန်အလှန် တရားစွဲဆိုမှုတွေ ပြုလုပ် ထားကြောင်း စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ မာကာ သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၂၈နှစ် အရွယ် တိုက်စစ်မှူး နေမာဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာ အသင်းကနေ ပီအက်စ်ဂျီ အသင်းထံကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းကနေ ပြောင်းရွှေ့သွားတာ ၃နှစ်ကျော်သွားပြီ ဖြစ်ပေမယ့် ဘာစီလိုနာ အသင်းနဲ့ သူ့ရဲ့ ကြားထဲမှာ ငွေကြေး အရှုပ်အထွေးတွေဟာ ရှိနေဆဲ ဖြစ်ပါတယ်။

Photo Credit: Marca

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာတော့ ဘာစီလိုနာ အသင်းဟာ နေမာကို သူတို့အသင်းက ပေးချေ ထားတဲ့ ဆုကြေးတွေထဲမှာ မှားယွင်းစွာ ပေးချေမိတဲ့ ငွေကြေး ယူရို ၁၀သန်းနီးပါး ရှိကြောင်း ဆိုခဲ့ပြီး အဆိုပါ ငွေကြေးတွေ ရယူလိုမှုနဲ့ နေမာကို တရားစွဲ ထားပါတယ်။ လက်ရှိမှာတော့ နေမာရဲ့ ရှေ့နေတွေ ဟာ သူတို့ရဲ့ အမှုသည်အနေနဲ့ ဘာစီလိုနာ အသင်းဆီကနေ ဆုကြေးငွေ ယူရို ၄၄သန်းအထိ ရဖို့ ကျန်နေသေးပြီး ဘာစီလိုနာ အသင်းအနေနဲ့ အဆိုပါ ငွေကြေးကို ပေးချေဖို့ ငြင်းဆန်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာစီလိုနာ အသင်း အခြေစိုက်ရာ ကတ်တလန်တာ ဒေသရဲ့ အမြင့်ဆုံး တရားရုံးမှာ ဘာစီလိုနာ အသင်းကို စွဲချက် တင်ထားပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ ကတ်တလန်တာ ဒေသရဲ့ အမြင့်မားဆုံး တရားရုံးဟာ အဆိုပါ စွဲချက်တင်မှု နှစ်ခုစလုံး ကို လက်ခံထားပြီး မကြာမီမှာတော့ စတင်ပြီး စစ်ဆေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ မာကာ သတင်းဌာနရဲ့ အဆိုအရတော့ နေမာအနေနဲ့ အမှုနှစ်ခုစလုံးမှာ သူအနိုင်ရမယ်လို့ မျှော်လင့်နေပြီး ဘာစီလိုနာ အသင်းဆီ ကနေ နေမာရရှိမယ့် ယူရို ၄၄သန်းဟာ ပီအက်စ်ဂျီအသင်းထံကို သူ မပြောင်းရွှေ့မီမှာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုစဉ်က သဘောတူတဲ့ စာချုပ် ချုပ်ဆိုကြေး ယူရို ၄၄သန်း ဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာ အသင်းဟာ လက်ရှိမှာ ဘဏ္ဏာရေး အကျပ်အတည်းနဲ့ ရင်ဆိုင် ‌နေရတဲ့ အသင်းတစ်သင်း ဖြစ်ပြီး နေမာနဲ့ ဖြစ်ပွားတဲ့ အမှုမှာသာ ရှုံးနိမ့်သွားပါက သူတို့ရဲ့ ဘဏ္ဏာရေး အနေအထားဟာ ပိုမို ဆိုးရွားသွားဖွယ် ရှိနေပါတယ်။