ပြင်သစ် လီဂူဝမ်းရဲ့ အင်အားကြီး အသင်းကြီးတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဟာ မနေ့ညက လိုင်ယွန် အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့ပြီး ၀-၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ထိုပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်း အတွက် ရလဒ်ပိုင်း ရှုံးနိမ့်တာထက် ပိုဆိုးတဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ အသင်းရဲ့ အဓိကကြယ်ပွင့် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ နေမာ ဒဏ်ရာရရှိသွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် ပြီးဆုံးခါနီး အပိုချိန်မှာ ပြိုင်ဘက် လိုင်ယွန် အသင်း ကွင်းလယ် ကစားသမား သီယာဂို မန်းဒက်စ် က နေမာ အပေါ်ကို ကစားပုံကြမ်းတမ်းခဲ့တာ ကြောင့် အဆိုပါ ထိခိုက်ဒဏ်ရာ ရမှု ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီးတော့ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ နေမာ အနေနဲ့ ခြေကျင်းဝတ် ကျိုးသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: Marca

ဒိုင်လူကြီး အနေနဲ့ အဆိုပါ အဖြစ်အပျက်ကို VAR နဲ့ ပြန်လည် ကြည့်ရှုခဲ့ပြီးတော့ ကစားပုံ ကြမ်းတမ်းခဲ့တဲ့ သီယာဂို မန်းဒက်စ် ကိုလည်း တိုက်ရိုက် အနီကတ် နဲ့ ထုတ်ပယ်ခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာ သတင်းသမားတွေ အနေနဲ့ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကို နေမာ ရဲ့ ဒဏ်ရာ အခြေအနေ နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ အခါမှာတော့ တနင်္လာနေ့ စစ်ဆေးချက်ကို စောင့်ဆိုင်းရအုန်းမှာ ဖြစ်ကြောင်း အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ “ ကျွန်တော်တို့လည်း ဘာမှ မသိရသေးပါဘူး။ သူ အခု ဆရာဝန် တွေ နဲ့ အတူ ရှိနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ မနက်ဖြန် ထွက်ပေါ်လာမယ့် စစ်ဆေးချက် ကို စောင့်ကြည့်ဖို့ပဲ ရှိပါတယ် ” လို့ ဖြေကြားခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်း အနေနဲ့ မနေ့ညက လိုင်ယွန် အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၀၇ ခုနှစ်က စတင်ပြီးတော့ လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ မရှုံးနိမ့်ဘူးဆိုတဲ့ စံချိန်ဟာလည်း ကျိုးပျက်သွားခဲ့ရပါတယ်။

Photo Credit: Marca

ဧည့်သည် လိုင်ယွန် အသင်းကတော့ ဒီရာသီ ၁၃ ပွဲဆက် ရှုံးပွဲ မကြုံတွေ့ဘူးဆိုတဲ့ စံချိန်ကို ရရှိသွားပါတယ်။ ပီအက်စ်ဂျီ အသင်းကတော့ ဒီရာသီ ၁၄ ပွဲကစားအပြီး ၄ ပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီ ဖြစ်ပြီးတော့ ဇယားထိပ်မှာ ရှိနေကြတဲ့ လိုင်လီ အသင်း နဲ့ လိုင်ယွန် အသင်းတို့ကို တတိယနေရာကနေ တစ်မှတ်လျော့ အနေအထား နဲ့ လိုက်လံ ဖိအားပေးနေပါတယ်။ နည်းပြ တူချယ် ကတော့ ရလဒ်ဆိုး ကြုံတွေ့ခဲ့ရတဲ့ အတွက် အခုလိုပဲ ပြန်လည် ဖြေရှင်း ပြောဆိုထားပါတယ်။ “ အခုလို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ် တစ်ပွဲကို ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်မနေသေးဘူးဆိုတာ ရှင်းပါတယ်။ အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ကျွန်တော်တို့ အမှားတွေ လွယ်လွယ်ကူကူပဲ လုပ်မိခဲ့ကြတယ်။ ကျွန်တော်တို့ စီစဉ်ထားတဲ့ အတိုင်း မကစားနိုင်ခဲ့ကြပါဘူး။ မန်ချက်စတာယူနိုက်တက်၊ မောင့်ပီလီယာ နဲ့ အစ်စတန်ဘူးလ် ပွဲစဉ်တွေ အပြီးမှာ စိတ်ပိုင်းဆိုင်ရာ အရ အများကြီး ပင်ပန်းနေတယ်ဆိုတာ ကျွန်တော်တို့ ဒီပွဲစဉ်မှာ မြင်တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ နောက်တစ်ကြိမ် ပြန်ကြိုးစားကြမယ်။ ကျွန်တော်တို့ အရှေ့ကို ခြေလှမ်း အနည်းငယ် လှမ်းနိုင်အောင် ကြိုးစားမယ်။ ဒါပေမယ့် ဒီနေ့ကတော့ နောက်ကို တစ်လှမ်း ဆုတ်ခဲ့ရပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။