MySport Myanmar

ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့အပေါ် စိတ်ပျက် ဒေါသထွက်မိတယ်လို့ နေမာ ဖွင့်ဟပြောဆို

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား နေမာက ဥရောပ ချန်ပီယံလိဂ်ကနေ သူတို့အသင်း ထွက်ခွာခဲ့ရတဲ့အပေါ်မှာ စိတ်ပျက်ဒေါသထွက်မိရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပြီး လာမယ့် ဘောလုံးရာသီတွေမှာတော့ သူနဲ့ သူ့အသင်းဖော်တွေအားလုံးဟာ ကလပ်အသင်းရဲ့ ဥရောပ အောင်မြင်မှုကို အရယူဆောင်ပေးဖို့အတွက် ရည်စူးထားတယ်လို့ အခိုင်အမာ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

နေမာရဲ့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက် (၁၆)သင်းအဆင့်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပဲရစ်မှာ ကစားခဲ့တဲ့ ပထမအကျော့မှာ ဘာပေရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့သလို မက်ဒရစ်မှာ ကစားခဲ့တဲ့ ဒုတိယအကျော့မှာလည်း ဘာပေရဲ့ ဂိုးနဲ့ပဲ ပွဲကိုဦးဆောင်ထားခဲ့ပေမယ့် ဘန်ဇီမာရဲ့ ဟက်ထရစ်ကို ပြန်လည်ခွင့်ပြုခဲ့ရင်း ပြိုင်ပွဲကနေပါ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ အသင်းတစ်သင်းလုံးအတွက် ခက်ခဲတဲ့ နေ့ရက်များကို ဖြတ်သန်းနေရကြောင်းနဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့အပေါ် အလွန်ဒေါသထွက်မိတယ်လို့ နေမာက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Norman Transcript

နေမာက “ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အတွက် ကျွန်တော် အလွန်ကို စိတ်ပျက်မိပါတယ်။ ဒေါသလည်း ထွက်မိတယ်။ ကျွန်တော် ဆက်ပြီး ပိုမိုကောင်းမွန်လာချင်ပါတယ်။ အသင်းအတွက် ဂိုးတွေ ဆက်သွင်းပြီး ဆုဖလားတွေလည်း ရယူသွားချင်ပါတယ်။ သူတို့က ကျွန်တော်တို့အတွက် ခက်ခဲတဲ့ရက်တွေ ခက်ခဲတဲ့ ရက်သတ္တပတ််တွေ ဖြစ်စေခဲ့တယ်။ ကျွန်တော်တို့တွေ မရှုံးချင်ပါဘူး။ အရှုံးအတွက် ကျွန်တော်တို့ အဲ့ဒီမှာ ရှိခဲ့တာ မဟုတ်ပါဘူး။ အရှုံးအတွက်ကိုလည်း ကျွန်တော်တို့ မပြင်ဆင်ထားလာခဲ့ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီရှုံးပွဲအပြီး ဘော်ဒိုးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပြင်သစ်လီဂူး ပွဲစဉ်အတွင်းမှာ ပီအက်စ်ဂျီရဲ့ ထိပ်တန်းကစားသမားနှစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ နေမာတို့ကို ပီအက်စ်ဂျီ ပရိသတ်တွေက ဝိုင်းဝန်းလှောင်ပြောင်မှုတွေ လုပ်ဆောင်ခဲ့သလို ဒီဖြစ်ရပ်အပြီးမှာပဲ ပီအက်စ်ဂျီအသင်းဘက်က နေမာကို အသင်းကနေ ရောင်းထုတ်ဖွယ်အထိပါ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။ ဒါပေမယ့် နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို အသင်းအတွက်ကိုလည်း ချန်ပီယံလိဂ်ဖလား ရယူပေးသွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက် အသင်းမှာပဲ ဆက်လက်ရှိနေနိုင်ပါတယ်။

Exit mobile version