ချီလီအသင်းနဲ့ ဘရာဇီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကိုပါအမေရိက ကွာတားဖိုင်နယ် ပွဲစဉ်အတွင်းမှာ ဘရာဇီးအသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးက ဘောလုံးလုဖို့ ကြိုးစားရင်းနဲ့ ပြိုင်ဘက်ချီလီကစားသမားတစ်ဦးရဲ့ မျက်နှာကို ကရာတေးကန်ချက်မျိုးနဲ့ ကန်ကြောက်မိသွားခဲ့လို့ ကွင်းလယ်ဒိုင်က ဂျေဇူးကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့သလို တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ကလည်း ဂျေဇူးကို (၂)ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

Photo Credit : The Sun

အသက်(၂၄)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား ဂျေဇူးဟာ ချီလီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားရင်းနဲ့ ချီလီနောက်ခံအစွန်လူမီနာကို ကရာတေးကန်ချက်မျိုးနဲ့ ကန်မိသွားခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပါတယ်။ တကယ်ဆို ဒီလို ပြိုင်ပွဲအတွင်း အနီကတ်ပြသခံပြီး ထုတ်ပယ်ခံရမယ်ဆိုရင် တစ်ပွဲပယ် ပြစ်ဒဏ်လောက်သာ ကျသင့်ရမှာဖြစ်ပေမယ့် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ဘက်က ဂျေဇူးကို (၂)ပွဲပယ်ပြစ်ဒဏ်အထိ သတ်မှတ်ခဲ့တာကြောင့် ဂျေဇူးဟာ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် ကိုပါဗိုလ်လုပွဲစဉ်ကိုပါ လွဲချော်သွားရတော့မှာဖြစ်ပါတယ်။

Photo Credit : The Sun

ဒီလို (၂)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့အပေါ် ဂျေဇူးရဲ့အသင်းဖော် နေမာက “ဒီလိုဆုံးဖြတ်ချက်တွေကို ချမှတ်လို့ရနိုင်တဲ့ လူတွေရဲ့လက်ထဲမှာ ရှိနေရတာက အရမ်းကို စိတ်ပျက်ဝမ်းနည်းစရာကောင်းပါတယ်။ သူတို့တွေက ကျွန်တော်တို့ ကစားသွားတဲ့အပေါ် လှလှပပလေးကို ဆန်းစစ်နိုင်ခဲ့ကြတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်တို့တွေ ဂုဏ်ယူပြုပေးရပါလိမ့်မယ်” လို့ အင်စတာဂရမ်ပေါ်ကနေ ရေးသားလာခဲ့ရာ ဂျေဇူးကပါ “(၂)ပွဲပယ်ပြစ်ဒဏ်နဲ့ အယူခံဝင်ခွင့်မရှိဘူး ဟုတ်လား။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ကို အရမ်း ဂုဏ်ယူမိပါတယ်။ ကြည့်ရတာက ခင်ဗျားတို့တွေ ပွဲအတွင်း ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို သေချာမသိခဲ့တဲ့ပုံပဲ” လို့ ထပ်လောင်းရေးသားပြီး ဝေဖန်သွားခဲ့ပါတယ်။ ဂျေဇူးက သူအနေနဲ့ ချီလီနဲ့ပွဲအတွင်း အနီကတ်ပြသခံခဲ့ရတဲ့အတွက် လက်ကျန်မိနစ်တွေ ကစားသမား(၁၀)ယောက်တည်းနဲ့ ခက်ခက်ခဲခဲ ကစားသွားခဲ့ရတဲ့ အသင်းဖော်တွေအားလုံးကို တောင်းပန်ကြောင်း ဒီလိုအမှားမျိုးတွေ နောက်မထပ်ဖြစ်အောင်ကိုလည်း သင်ခန်းစာယူသွားမှာဖြစ်ကြောင်းနဲ့ သူနဲ့ ထိခိုက်မိတဲ့ မီနာကလည်း ထိခိုက်မိမှုကနေ သက်သာသွားပြီလို့ ကြားသိထားရပြီး သူ့ကိုလည်း အသေအချာ တောင်းပန်ထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။