ပြင်သစ်အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ နေမာရဲ့ အေးဂျင့်ဖြစ်သူ ဝက်ဂ်နာ ရီဘိုင်ရို ကတော့ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး စီရိုနယ်ဒိုနဲ့ စပိန်အင်အားကြီးအသင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီတို့ဟာ ပီအက်စ်ဂျီအသင်းထံကို ပြောင်းရွှေ့လာနိုင်ချေ ရှိတယ်လို့ သုံးသပ် ပြောကြား သွားခဲ့ပါတယ်။ နေမာ ၊ မက်ဆီနဲ့ ရိုနယ်ဒိုတို့ဟာ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား သုံးဦးအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့ ကစားသမားတွေ ဖြစ်ပြီး သူတို့ကို ခေါ်ယူချင်တဲ့အသင်းတွေဟာ အများအပြား ရှိနေပါတယ်။

Photo Credit: Metro

မက်ဆီနဲ့ ရိုနယ်ဒိုတို့ဟာ အသက်အရွယ် အရ ကစားသမားဘဝ နောက်ဆုံးအချိန်တွေကို ရောက်ရှိ နေပြီ လို့ ဆိုနိုင်ပေမယ့် လက်ရှိ ဘောလုံးရာသီမှာ ဆိုရင် နှစ်ဦးစလုံးဟာ ထိပ်တန်း ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး သူတို့ဟာ ဘောလုံးလောက ကို ခြိမ်းခြောက်နိုင်ဆဲ ဖြစ်ကြောင်း သက်သေပြထားပါတယ်။ ဒါ့အပြင် မက်ဆီနဲ့ ရိုနယ်ဒို နှစ်ဦးစလုံးဟာ လက်ရှိကလပ်တွေ ဖြစ်ကြတဲ့ ဘာစီလိုနာအသင်း ၊ ဂျူဗင်တပ်အသင်းတို့နဲ့ အနာဂတ် မရေမရာ ဖြစ်နေကြပြီး မက်ဆီဟာ ချန်ပီယံလိဂ်ဖလားကို ထပ်မံ ရယူလိုတာကြောင့် ဘာစီလိုနာအသင်းကနေ ထွက်ခွာလိမ့်မယ် လို့ သတင်းတွေ ထွက်ပေါ်နေသလို ဂျူဗင်တပ်အသင်းဟာ သူတို့ရဲ့ ဘဏ္ဏာရေး အခြေအနေ အရ ရိုနယ်ဒိုကို ရောင်းထုတ်သွားဖို့ စဉ်းစားနေကြောင်း အီတလီ သတင်းစာတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Metro

နေမာရဲ့ အေးဂျင့်ဖြစ်သူ ဝက်ဂ်နာကတော့ မက်ဆီ ၊ နေမာနဲ့ ရိုနယ်ဒိုတို့ အတွဲကို ပီအက်စ်ဂျီမှာ မြင်ရနိုင်ကြောင်းနဲ့ ကာတာစီးပွားရေး အင်အားစုကို လျော့မတွက်သင့်ဘူးလို့ ဆိုသွားပါတယ်။ ဝက်ဂ်နာက ” နေမာဟာ ပီအက်စ်ဂျီ အသင်းမှာ ပျော်ရွှင်နေပြီး သူဟာ အသင်းမှာ အနည်းဆုံး နောက်ထပ် နှစ်ရာသီလောက် ဆက်ရှိ နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီအချိန်မှာတော့ နေမာက ဘာစီလိုနာအသင်းဆီ ပြန်သွားတာထက် မက်ဆီက ပီအက်စ်ဂျီအသင်းဆီ ရောက်လာတာက ပိုပြီး လွယ်ကူပါတယ်။ မက်ဆီနဲ့ ခရစ္စတီယာနို နှစ်ယောက်စလုံးပေါ့။ ကျွန်တော် တကယ် ပြောနေတာပါ။ ခင်ဗျားတို့တွေက ကာတာရဲ့ စီးပွားရေးအင်အားကို လျော့မတွက်သင့်ဘူး ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။