ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်သူ နေမာ ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပွဲစဉ် အပြီးမှာ သူဟာ လာမယ့်နှစ်မှာ သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်သူ မက်ဆီနဲ့ တွဲဖက် ကစားတော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၈နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ နေမာဟာ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား ဆယ်ဦးစာရင်းဝင် တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးတွေ ၊ သူ့ရဲ့ ကစားဟန်တွေကို နှစ်သက် သဘောကျတဲ့ ပရိသတ်တွေ များစွာကို ပိုင်ဆိုင် ထားကာ မကြာမီမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်မယ့် ကစားသမား အဖြစ် ထင်ကြေး ပေးခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit:  AS English

နေမာဟာ သူ့ရဲ့ ကစားသမား ဘဝကို ဆန်းတို့စ်အသင်းနဲ့ အတူ စတင်ခဲ့တာ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာတော့ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ခဲ့ကာ ဘာစီလိုနာ အသင်းမှာ MSN တိုက်စစ်ရယ်လို့ အမည်တွင်အောင် မက်ဆီ ၊ ဆွာရက်ဇ်တို့နဲ့ အတွဲအဖက်မိမိ ကစားနိုင်ခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ခုနှစ် မှာတော့ နေမာဟာ အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် ပီအက်စ်ဂျီ အသင်းထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့ သွားခဲ့ပြီး အဆိုပါအချိန်မှ စတင်ကာ လက်ရှိ အချိန်အထိ ပီအက်စ်ဂျီ အသင်းရဲ့ အဓိက ကစားသမား အဖြစ် ရှိနေခဲ့ပါတယ်။ နေမာက လက်ရှိမှာ သူ့ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒဟာ မက်ဆီနဲ့ ဒုတိယအကြိမ် ပြန်လည် တွဲဖက် ကစားဖို့ ဖြစ်ကြောင်းနဲ့ လာမယ့်နှစ်မှာ မက်ဆီနဲ့ တွဲဖက်ကာ ကစားတော့မှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။

Photo Credit:  AS English

လာမယ့် ဘောလုံးရာသီမှာ မက်ဆီနဲ့အတူ တွဲဖက် ကစားတော့မယ့် အကြောင်းကို နေမာက “ အခုချိန်မှာ ကျွန်တော် အဖြစ်ချင်ဆုံး အရာတစ်ခု ကတော့ မက်ဆီနဲ့အတူ ပြန်လည် တွဲကစားနိုင်ဖို့ပါ။ ကျွန်တော် သူနဲ့ တွဲကစားချင်တယ်။ တကယ်လို့ သူက ကျွန်တော် အခု ကစားနေတဲ့ နေရာမှာ ကစားချင်ရင် ကျွန်တော် အဲ့ဒီ နေရာကို သူ့အတွက် ပေးသွားမှာပါ။ လာမယ့်နှစ်မှာ ကျွန်တော်တို့ အတူတူ တွဲကစားခွင့် ရရှိတော့မှာပါ။ ဒါက ကျိန်းသေပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။ လတ်တလော မှာတော့ ဘာစီလိုနာ အသင်းဟာ နေမာကို ပြန်လည် ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို လက်ရှိ ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် မက်ဆီကို စိတ်ဝင်စားနေတဲ့ အသင်းတွေ ထဲမှာ ပီအက်စ်ဂျီ အသင်းလည်း ပါဝင် နေတာကြောင့် နေမာ တစ်ယောက် ဘာစီလိုနာ အသင်းဆီ ပြန်ရောက်လာမလား ၊ ဒါမှမဟုတ် မက်ဆီကပဲ ပီအက်စ်ဂျီ အသင်းဆီ ရောက်ရှိ သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။