အားလုံးပဲ မင်္ဂလာပါဗျ…။ နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ် ဖြစ်တာကြောင့် ပရိသတ်တွေ အတွက် ပျင်းစရာ ကောင်းတဲ့ ရက်သတ္တပတ် တစ်ခု ဖြစ်နေမယ် လို့ ထင်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်က ပရိသတ်တွေ စိတ်ဝင်စားရမယ့် အကြောင်းအရာ တစ်ခုကို ပြောပြ သွားမှာ ဖြစ်ပြီး ပြောပြသွားမယ့် အကြောင်းအရာ ကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ထိပ်တန်း ကစားသမား သုံးဦးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ကဲ စလိုက်ရအောင်…။

Photo Credit: Fox Sports

၃။ အိုဇေးလ် (အာဆင်နယ်)
ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်တဲ့ အိုဇေးလ် ကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အာဆင်နယ် အသင်း ကနေ ကျိန်းသေပေါက် ထွက်ခွာမယ့် ကစားသမား တစ်ဦးပါ။ အသင်းရဲ့ လုပ်ခလစာ အမြင့်မားဆုံး ကစားသမား ဖြစ်ပေမယ့် အိုဇေးလ်ဟာ နောက်ဆုံး ရလအတွင်းမှာ အာဆင်နယ် အသင်းအတွက် တစ်ပွဲမှ ပါဝင် ကစားပေး ထားခြင်း မရှိတာကြောင့် စာချုပ်ကုန်ရင် ကျိန်းသေ အာဆင်နယ်အသင်း ကနေ ထွက်ခွာရမယ့် ကစားသမား ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အတွက် တူရကီအသင်း တချို့က စိတ်ဝင်စား နေကြပါတယ်။

Photo Credit: Fox Sports

၂။ အဂူရို (မန်စီးတီး)
ပရီးမီးယားလိဂ် ထိပ်သီး အသင်းတစ်သင်း ဖြစ်တဲ့ မန်စီးတီး အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး အဂူရို ကလည်း လက်ရှိ ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အဂူရိုကို မန်စီးတီးအသင်းက စာချုပ်သစ် ကမ်းလှမ်းဖွယ် ရှိပေမယ့် အဂူရို ကတော့ ပရီးမီးယားလိဂ်မှာ ဆက်လက် ရှိနေဖို့ထက် အခြားလိဂ် တစ်ခုကိုသာ ပြောင်းလဲ ကစားဖွယ် ရှိကြောင်း အဂူရိုနဲ့ နီးစပ်သူတွေက သုံးသပ် ထားကြပါတယ်။

Photo Credit: Fox Sports

၁။ မက်ဆီ(ဘာစီလိုနာ)
စပိန်ထိပ်သီး အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ မရှိမဖြစ် ကစားသမား ဖြစ်တဲ့ မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာတော့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားပဲ ဖြစ်ပါတယ်။ မက်ဆီဟာ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံထားရဆဲဖြစ်ပြီး မက်ဆီကိုသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ် ဆိုပါက ဥရောပ တစ်ဝှမ်းမှာ ရှိတဲ့ ထိပ်တန်း အသင်းကြီးတွေ အားလုံးဟာ မက်ဆီကို ခေါ်ယူဖို့ ဝိုင်းဝန်း ကြိုးစားမှာ ဖြစ်ပြီး မက်ဆီကတော့ မန်စီးတီးအသင်း ကိုသာ ပြောင်းရွှေ့ဖွယ် ရှိပါတယ်။