မနေ့ညက ကျင်းပခဲ့တဲ့ ကိုပါအီတလီယာဖလားပြိုင်ပွဲရဲ့ဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဂျုုဗင်တပ်စ်အသင်းနဲ့ ၂၀၁၄ခုနှစ်နောက်ပိုင်းကတည်းက ကိုပါအီတလီယာပြိုင်ပွဲမှာ အောင်မြင်မှုမရယူနိုုင်ခဲ့တဲ့ နာပိုလီအသင်းတို့ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ရာ မိနစ်(၉၀)အတွင်းမှာ ဂိုးမရှိသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ခံယူရာကနေ နာပိုလီက ပင်နယ်တီမှာ အနိုင်ရကာ ဗိုလ်စွဲသွားခဲ့ရပါတယ်။ ဒုတိယဆုနဲ့ ကျေနပ်လိုက်ရတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ပင်နယ်တီကန်ရာမှာ ဒီဘားလားနဲ့ ဒန်နီလိုတို့ ကန်ချက်တွေ ဂိုးမဝင်ခဲ့တာကြောင့် နာပိုလီကို အရှံးပေးခဲ့ရတာဖြစ်ပြီး (၅)ကြိမ်မြောက် ပင်နယ်တီကို ကန်သွင်းရမယ့် ရော်နယ်ဒိုရဲ့အလှည့်မရောက်ခင်မှာ နာပိုလီဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ နာပိုလီနဲ့ပွဲမှာ အသင်းအတွက် သွင်းဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပဲ ခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ပွဲအပြီးမှာပါ နည်းပြဖြစ်သူဆာရီရဲ့ ဝေဖန်ပြစ်တင်မှုနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ဆာရီက ရော်နယ်ဒိုရဲ့ ခြေစွမ်းမပြနိုင်မှုနဲ့ပတ်သက်ပြီး “သူက ဒီဘားလား ကော်စတာတို့နဲ့ အတူတူပါပဲ။ အကောင်းဆုံးပုံစံတွေ ထွက်ပေါ်လာဖို့အတွက် လိုအပ်ချက်တွေက ရှိနေဆဲပါပဲ” လို့ ခိုင်းနှိုင်းပြစ်တင်တဲ့ စကားတစ်ခွန်းကို ပြောဆိုသွားခဲ့ရာ ရော်နယ်ဒိုအမဖြစ်သူမှာလည်း ဆာရီရြဲ့့ပစ်တင်မှုအပေါ် လက်သင့်မခံနိုင်ကြောင်း ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုရဲ့အမ အယ်မာက “ဘာတွေကို ထပ်ပြီးတော့လုပ်ပြနိုင်ဦးမှာလဲ။ ဒီလိုပုံစံနဲ့ ဒီလောက်ပဲလုပ်ပြနိုင်မှာပေါ့။ ဒါတွေကြောင့်လည်း ငါ့မောင်က ပဥ္စလက်ဆန်ဆန် ခြေစွမ်းမျိုးတွေကို မပြသနိုင်ခဲ့ရတာ။ ဒီလိုပုံစံမျိုးနဲ့ သူဘယ်လိုကစားရသလဲဆိုတာကို ငါနားမလည်ပေမယ့် ခေါင်းမော့ထားစမ်းပါ အမရဲ့ဘုရင်ကြီးရယ်” လို့ သူမအင်စတာဂရမ်ပေါ်မှာ တုန့်ပြန်ရေးသားထားခဲ့ပါတယ်။ ဆာရီရဲ့ဝေဖန်မှုနဲ့ ရင်ဆိုင်လိုက်ရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အနာဂတ်ကတော့ ထင်ထားတာထက်ကို ပိုမိုလှုပ်ခတ်လာနိုင်ပေမယ့် ဂျုဗင်တပ်စ်အသင်းဘက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုကို အသင်းကနေ စွန့်လွတ်ဖို့ထက် သူတို့အသင်းအတွက် ဆုဖလား(၂)လုံး ရယူပေးနိုင်မယ့် လမ်းကြောင်းကနေ သွေဖယ်သွားစေခဲ့တဲ့ ဆာရီကိုသာ နည်းပြရာထူးကနေ ထုတ်ပယ်ဖွယ်သာရှိနေပါတယ်။ ဆာရီရဲ့အနာဂတ်ကတော့ စီးရီးအေဖလားချန်ပီယံဖြစ်မဖြစ်ဆိုတာနဲ့ များစွာသက်ဆိုင်နေမှာဖြစ်ပြီး ထပ်ပြီးခြေချော်ခဲ့မယ်ဆိုရင်တော့ အသင်းကနေ ထွက်ခွာရဖို့က သေချာသလောက်ကို ဖြစ်သွားပါလိမ့်မယ်။