ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်ထဲမှာ လှုပ်ရှားမှုတွေ အများအပြား ရှိလို့နေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ပြင်သစ်လီဂူးဝမ်း ကလပ်အသင်း Reims ရဲ့ လူငယ်တိုက်စစ်မှူးလေး Hugo Ektiike ကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ရာ အပိုဆုကြေးအဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဆက်နွယ်နေတဲ့ အပိုဆုကြေးကို ထည့်သွင်းကမ်းလှမ်းခဲ့တယ်လို့ Reims အသင်းရဲ့ ဥက္ကဌဖြစ်သူက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SPORTbible

နယူးကာဆယ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် ဘန်လေအသင်းရဲ့ နယူးဇီလန် ဝါရင့်တိုက်စစ်မှူးကြီး ခရစ္စဝုဒ်ကို ခေါ်ယူအားဖြည့်နိုင်ခဲ့ပေမယ့် Reims အသင်းမှာ အတော်လေးကို ခြေစွမ်းပြသနေတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကစားသမားလေး Ektiike ကိုပါ ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ နယူးကာဆယ်ဘက်က ဒီ(၁၉)နှစ်အရွှယ် ကစားသမားလေးအတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၉)သန်းနဲ့အပြင် အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ထည့်သွင်းထားတဲ့ အပိုဆုကြေးတွေထဲမှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ သက်ဆိုင်နေတဲ့ အပိုဆုကြေးတစ်ခုကိုပါ ထည့်သွင်းထားခဲ့တယ်လို့ Reims အသင်းဥက္ကဌက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SPORTbible

Reims အသင်းဥက္ကဌဖြစ်သူက “အခုအချိန်မှာ ကစားသမားလေးရဲ့ အရည်အသွေးကို တော်တော်များများက နားလည်လာကြပြီဆိုတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့အတွက်ကတော့ ဒါဟာ မထူးဆန်းပါဘူး။ နယူးကာဆယ်အသင်းဘက်ကလည်း ဒီကစားသမားလေးကို ခေါ်ယူဖို့အတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် သူတို့က ကျွန်တော်တို့နဲ့ မကိုက်ညီတဲ့ ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ ကျွန်တော်တို့ ဟူဂိုကို အသင်းကနေ မထွက်ခွာစေချင်ပေမယ့် နယူးကာဆယ်ဘက်က ယူရို(၃၅)သန်း (ပေါင်(၂၉)သန်း)နဲ့ ကမ်းလှမ်းလာခဲ့တယ်။ များစွာသော အပိုဆုကြေးတွေလည်း အပါအဝင်ပေါ့။ အဲ့ဒီထဲက တချို့ အပိုဆုကြေးတွေကတော့ လက်လှမ်းမမှီနိုင်လောက်အောင်ပါပဲ။ ဥပမာအနေနဲ့ဆိုရင် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်မယ်ဆိုရင် အပိုဆုကြေး ဘယ်လောက်ဆိုတာမျိုး။ ကျွန်တော်တို့က ဟူဂိုအတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းနဲ့ အပိုဆုကြေးအတွက် ပေါင်(၈.၃)သန်းသာ တောင်းဆိုခဲ့တာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ ၂၀၀၂ခုနှစ်နောက်ပိုင်းကတည်းက ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ အလှမ်းဝေးနေတာဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။