သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ပေါ်ထားပြီး ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း ဖြစ်လာခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ အခု ဇန်နဝါရီ အသုံးစရိတ်ဟာ ပေါင်သန်း(၅၀)ဝန်းကျင်သာ ရှိလိမ့်မယ်လို့ ဖော်ပြထားပေမယ့် ပေါင်သန်း(၁၅၀)လောက်အထိကိုပါ အပီအပြင် အငသုံးပြုသွားဖွယ်လည်း ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : BBC

လတ်တလောမှာ ကီရန်ထရစ်ပီယာ ခရစ္စဝုဒ်တို့ကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ဒီကစားသမားသစ် (၂)ယောက်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၇)သန်းခန့်လောက် အသုံးပြုထားခဲ့ရပေမယ့် သူတို့အသင်းရဲ့ ဇန်နဝါရီ လူဝယ်ယူမှုကို ပိတ်သိမ်းသွားမှာ မဟုတ်ပဲ နောက်ထပ် ကစားသမား(၂)ယောက်ခန့်လောက်ကိုပါ ထပ်မံခေါ်ယူဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ နယူးကာဆယ်ဟာ ဆီဗီလာနောက်ခံလူ ဒီယေဂိုကားလို့စ်ကို ခေါ်ယူသွားချင်နေသလို ကွင်းလယ်ပိုင်းအတွက်ကိုလည်း လိုက်ပ်ဇစ် ကွင်းလယ်လူ ဟိုင်ဒါရာနဲ့ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒယ်ဘိခ်တို့ကို ပစ်မှတ်ထားနေပါတယ်။

Photo Credit : Sunderlan Echo

The Telegraph သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ နယူးကာဆယ်အသင်း ပိုင်ရှင်တွေက သူတို့ ပထမဆုံး ကြုံတွေ့ဖြတ်သန်းရမယ့် အပြောင်းအရွှေ့စျေးကွက်က ဆောင်းစျေးကွက် ဖြစ်နေတာကြောင့်မို့ ရူးလောက်စရာကောင်းတဲ့ အပြောင်းအရွှေ့တွေကို လုပ်ဆောင်မှာ မဟုတ်သလို အသုံးစရိတ်ကိုလည်း ပေါင်သန်း(၅၀)ဝန်းကျင်လောက်သာ ချပေးဖွယ်သာ ရှိနေပေမယ့်လည်း အသင်းရဲ့ လက်ရှိအခြေအနေက တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အနေအထား ဖြစ်နေတာကြောင့် လိုအပ်တဲ့ ကစားသမားသစ်တွေအတွက် ပေါင်သန်း(၁၅၀) နီးပါးလောက်အထိကို အသုံးပြုပေးဖွယ် ရှိနိုင်ပါတယ်။ FFP စည်းမျဉ်းတွေအရဆိုရင်လည်း နယူးကာဆယ်အနေနဲ့ အခု ဆောင်းစျေးကွက်ထဲမှာ ပေါင်သန်း(၂၀၀)လောက်အထိ အသုံးပြုခွင့် ရရှိထားတာဖြစ်လို့ နောက်ထပ် စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ ထပ်မံဖြစ်ပေါ်လာနိုင်သလို တကယ့်ကို မျှော်လင့်မထားတဲ့ ခေါ်ယူမှုတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် အသင်းကတော့ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၉)နေရာကို ရောက်ရှိနေပြီး ဒီအခြေအနေကနေ အလွတ်ရုန်းထွက်နိုင်ဖို့ မဖြစ်မနေကို လိုအပ်နေပါတယ်။