MySport Myanmar

အီဆက်ခ်ကိုယ်တိုင် လီဗာပူးလ်ဆီ ပြောင်းချင်ရင်တောင် ရောင်းမှာမဟုတ်တဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ အလက်ဆန်းဒါး အီဆက်ခ်ကိုယ်တိုင် လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ချင်တယ်ဆိုရင်တောင် လီဗာပူးလ်ဘက်ကလည်း အီဆက်ခ်အတွက် ပေါင်သန်း(၁၂၀)နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တောင် ရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက်ပါ ဖလော်ရီယန် ဝစ်ဇ်၊ ဖရင်ပေါင်၊ ကာကက်ဇ်တို့ကို ပေါင်သန်း(၂၀၀)နီးပါး သုံးစွဲပြီး အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ထားသလို တိုက်စစ်ပိုင်းအတွက်ကိုလည်း နယူးကာဆယ်က ဆွီဒင်တိုက်စစ်ကစားသမား အီဆက်ခ်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : TEAMtalk

လီဗာပူးလ် တိုက်စစ်ပိုင်းမှာ ဒီယိုဂို ဂျိုတာ ကွယ်လွန်သွားခဲ့ရသလို ဒါဝင် နူးညက်ဇ်နဲ့ လူးဝစ် ဒီယက်ဇ်တို့ရဲ့ အနာဂတ် အခြေအနေတွေဟာလည်း မရေမရာ ဖြစ်နေကြသလို သူတို့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေကလည်း အမြောက်အများ ရှိနေကြပါတယ်။ ဒီလို အခြေအနေတွေကြောင့်ပဲ လီဗာပူးလ်က အီဆက်ခ်လို ပရီးမီးယားလိဂ်ရဲ့ proven striker တစ်ဦးကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လီဗာပူးလ်အနေနဲ့ အီဆက်ခ်အတွက် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးလည်းဖြစ် အသင်းသမိုင်းတစ်လျှောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးလည်းဖြစ်တဲ့ ပေါင်သန်း(၁၂၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့ရာ အဲ့ဒီပမာဏနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တောင် နယူးကာဆယ်က အီဆက်ခ်ကို ရောင်းထုတ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Photo Credit : Football365

အခုဆိုရင် အီဆက်ခ်ကို ခေါ်ဖို့က ခက်ခဲနေရလို့ လီဗာပူးလ်ဟာ နယူးကာဆယ် ပစ်မှတ်ဖြစ်တဲ့ ဖရန့်ဖတ် တိုက်စစ်ကစားသမား ဟူဂို အီကီတီကီကိုသာ ပြောင်းလဲ ကြိုးပမ်းလာခဲ့ပြီး ကနဦး ကမ်းလှမ်းချက်က ပယ်ချထားခံရပေမယ့် နောက်ထပ် ကမ်းလှမ်းမှု လုပ်ဆောင်ဖို့ ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း လီဗာပူးလ်ဆီ ပြောင်းရွှေ့ချင်နေပါတယ်။

တစ်ဖက်မှာလည်း အီဆက်ခ်က ကစားသမားဘဝကို နောက်တစ်ဆင့် မြှင့်တက်ချင်နေတာကြောင့် လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် နယူးကာဆယ်က အီဆက်ခ်ကို လီဗာပူးလ်ဆီ လုံးဝ ပြောင်းရွှေ့ခွင့်ပြုမှာ မဟုတ်ဘဲ မက်မောလောက်စရာ လုပ်ခလစာမျိုးနဲ့သာ စာချုပ်သစ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖို့သာ ရှိနိုင်ပါတယ်။

Exit mobile version