MySport Myanmar

ကော်တင်ဟိုကို အာဆင်နယ် ဗီလာတို့ထက် လက်ဦးမှု ရယူပြီး ကမ်းလှမ်းသွားမယ့် နယူးကာဆယ်

နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းကနေ အက်စတွန်ဗီလာအသင်းဆီမှာ ရာသီကုန်အထိ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ ဘရာဇီး ကွင်းလယ်တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုကို ဗီလာ အာဆင်နယ်အသင်းတွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေရာ အပိုဆုကြေး ပေါင်(၁)သန်းနဲ့ ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ကစားသမား ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်ကမှ အက်စတွန်ဗီလာအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အငှားသက်တမ်း ပြည့့်မြောက်သွားချိန် ပေါင်(၃၃.၅)သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့်ကိုပါ ထည့်သွင်းပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ တောက်ပခဲ့ဖူးသူဖြစ်တဲ့ ကော်တင်ဟိုဟာ ဗီလာမှာလည်း ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်တာကြောင့် သူ့ကို ဗီလာဘက်က အပြီးသတ် ခေါ်ယူသွားဖို့ ဆောင်ရွှက်နေသလို အာဆင်နယ်အသင်းကပါ ဗီလာနဲ့အပြိုင် ကော်တင်ဟိုကို ခေါ်ယူသွားဖို့ ချိန်ရွှယ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sport

ဒါပေမယ့် စပိန်အခြေစိုက် Sport သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ လာမယ့်နွေမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို အရှိန်အဟုန်မြင့် လုပ်ဆောင်ဖွယ် ရှိနေတဲ့ နယူးကာဆယ်အသင်းကပါ ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့အတွက် ချိတ်ဆက်မှုတွေ စတင်ဆောင်ရွှက်လာနိုင်တယ်လို့ သိရပါတယ်။ ငွေကြေး အတော်လေး ကြွယ်ဝလွန်းတဲ့ ဆော်ဒီမင်းသားပိုင် နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်မှာကတည်းက ကစားသမား ခေါ်ယူအားဖြည့်မှုတွေကို အင်ပြည့်အားပြည့် လုပ်ဆောင်နိုင်ခဲ့တာကြောင့် လက်ရှိမှာ အသင်းက တန်းဆင်းရမယ့် အန္တရာယ်နဲ့တောင် ဝေးသွားခဲ့ရပြီဖြစ်ပြီး လာမယ့်ရာသီမှာလည်း ဥရောပဝင်ခွင့်တွေ ရရှိလာဖို့အထိပါ ပစ်မှတ်ထားလာနိုင်တာကြောင့် ကော်တင်ဟိုလို အရည်အသွေးမြင့် ဘောလုံးသမားမျိုးကို အသင်းအတွက် ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီလာ အာဆင်နယ်အသင်းတွေထက် ငွေကြေးပိုမို သုံးစွဲနိုင်တဲ့ ကလပ်အသင်း ဖြစ်နေတာကြောင့် ကော်တင်ဟိုကို ခေါ်ယူနိုင်ရေးအတွက် ကော်တင်ဟိုရဲ့ဘာစီလိုနာအသင်းကိုရော ကော်တင်ဟိုကိုပါ ပိုမိုစွဲဆောင်နိုင်ဖွယ် ရှိနေပြီး သူရဲ့မြင့်မားတဲ့ လုပ်ခလစာအတွက်ကိုလည်း အဆင်ပြေအောင် စီစဉ်ပေးနိုင်ဖွယ်လည်း ရှိနေရပါတယ်။

Exit mobile version