ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်က ပြီးခဲ့တဲ့ ၃နှစ်တာ ကာလ အတွင်းမှာ ပေါင် ၁၅၀သန်း အထိ အရှုံးပေါ်ခဲ့တာကြောင့် ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီမှု ရှိစေဖို့ အတွက် ယခု အပြောင်းအရွှေ့ရာသီနဲ့ လာမယ့် အပြောင်းအရွှေ့ရာသီတွေမှာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား တချို့ကို ရောင်းချရတော့မယ်လို့ သိရပါတယ်။

ဆော်ဒီတော်ဝင်မိသားစုပိုင် နယူးကာဆယ်က ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီတွေမှာ တန်ကြေးမြင့် ကစားသမား များစွာကို ခေါ်ယူခဲ့သလို ကွင်းတွင်း အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် သူတို့အသင်းရဲ့ ဝင်ငွေတွေက မျှော်မှန်းထားသလို မတိုးလာတာကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် ၃နှစ် အတွင်းမှာ ပေါင် ၁၅၀သန်းကျော် အရှုံးပေါ်ခဲ့ပါတယ်။

Photo Credit: Team Talk

ပေါင် ၁၅၀သန်းကျော် အရှုံးပေါ်ခဲ့တာကြောင့် နယူးကာဆယ်က လာမယ့် အပြောင်းအရွှေ့ရာသီတွေမှာ အသင်းအတွက် ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး ဘဏ္ဍာရေးစည်းမျဉ်းကို သတိမထားပဲ မဆင်မခြင် ငွေတွေ ထပ်သုံးခဲ့မယ် ဆိုရင် အဲဗာတန်လို ရမှတ်လျှော့ပြစ်ဒဏ်တွေ ကျခံရနိုင်ပါတယ်။

ဒါကြောင့်ပဲ နယူးကာဆယ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ရှိရင်းစွဲ ကစားသမားတွေ အနက် ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ရမယ့် ကြယ်ပွင့် ကစားသမားတွေကို ရောင်းချကာ ဝင်ငွေ ရှာဖို့ စဉ်းစားနေပြီး နယူးကာဆယ်ရဲ့ CEO ဒါရင်းကလည်း သူတို့အသင်းရဲ့ အနာဂတ် အတွက် တန်ကြေးမြင့် ကစားသမားတွေကို ရောင်းထုတ်ရလိမ့်မယ်လို့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါရင်းက – “ကျွန်တော်တို့က ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ဆီ ချီတက်နိုင်ဖို့ ဆိုရင် ကစားသမား အရောင်းအဝယ်တွေ လုပ်ကို လုပ်ရပါမယ်။ ကစားသမားတွေရဲ့ စာချုပ်သက်တမ်း ၊ တခြားအသင်းတွေရဲ့ မငြင်းဆန်နိုင်တဲ့ ကမ်းလှမ်းမှု ၊ ကစားသမားသစ်တွေ ပြန်ဝယ်ရမယ့် အနေအထား ဒီအချက်တွေ အားလုံးကို ထည့်သွင်း စဉ်းစားပြီး ကစားသမားတွေကို အရောင်းအဝယ် လုပ်ရပါတယ်။ ကျွန်တော်တို့ရဲ့ ဘောလုံးလောကမှာလည်း အကျိုးအမြတ်ကို တွက်ချက်ရပါတယ်။ လီဗာပူးကို ကြည့်လိုက်ပါ။ သူတို့က ကော်တင်ညိုကို ရောင်းထုတ်ပြီး အယ်လီဆန်နဲ့ ဗန်ဒိုက်တို့ကို ပြန်ဝယ်ခဲ့ပါတယ်။ အလားတူပဲ ဗီလာက ဂရီးလစ်ရှ်ကို ရောင်းထုတ်ပြီး သူတို့အသင်းကို ပြန်လည် အားဖြည့်မှုတွေ လုပ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကလည်း ဒီကလန်ရိုက်စ်ကို ရောင်းထုတ်ခဲ့တာပါပဲ။ ဒါက အသင်းကြီးတွေရဲ့ လမ်းစဉ်ပါ။ ခင်ဗျားက တန်ကြေးမြင့် ကစားသမား တယောက်ကို ရောင်းထုတ်လိုက်ရင် ငွေတွေ ပိုသုံးခွင့် ရမယ်။ အဲ့ဒီ ငွေပိုသုံးခွင့်ကို အသုံးချပြီး အသင်းကို ပြန်လည် အားဖြည့်မှုတွေ လုပ်ရပါမယ်” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ နယူးကာဆယ်ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ဘရူနို ဂွီမာရေးစ် ၊ တိုက်စစ်မှူး အိုင်ဆက်နဲ့ နောက်ခံလူ ဘော့တ်မန်းတို့က ဥရောပ ထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားပြီး ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီက ဂွီမာရေးစ်ကို ပေါင် ၁၀၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းတွေလည်း အကြီးအကျယ် ပျံ့နှံ့နေပါတယ်။