MySport Myanmar

ကာရာဘောင်းဖလား ရရင် အသင်းသားတွေကို ပေါင် ၁သန်း ဆုချမယ့် နယူးကာဆယ်

ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံးကလပ် အဖြစ် မှတ်တမ်းဝင်ထားတဲ့ နယူးကာဆယ်က လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာသာ အနိုင်ရ ဗိုလ်စွဲခဲ့ရင် ရလာမယ့် ဆုကြေး ပေါင် ၁သန်းကို အသင်းသားတွေဆီ ပြန်လည် ခွဲဝေပေးမယ်လို့ ကတိပေးကာ အနိုင်ရအောင် ကြိုးစားဖို့ မက်လုံးပေးထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

နယူးကာဆယ်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဆော်ဒီတော်ဝင်မိသားစုက ဒေါ်လာ ၆၂၀ ဘီလီယံ အထိ ကြွယ်ဝ ချမ်းသာတာကြောင့် ကမ္ဘာ့အချမ်းသာဆုံး အသင်းပိုင်ရှင် အဖြစ် မှတ်တမ်းဝင်ထားပြီး ဆော်ဒီတော်ဝင်မိသားစုက နယူးကာဆယ်ကို ဝယ်ယူပြီးနောက် မှန်ကန်တဲ့ နည်းပြခေါ်ယူမှု ၊ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေနဲ့အတူ အသင်းကို ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်လာအောင် အချိန်တို အတွင်းမှာ တည်ဆောက်ပြထားပါတယ်။

Photo Credit: Chronicle Live

အက်ဒီဟောင်း ဦးဆောင်နေတဲ့ နယူးကာဆယ်က ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၂၄) အပြီးမှာ ၁၀ပွဲနိုင် ၊ ၁၁ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ မှတ်တမ်းနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၅နေရာ အထိ တက်လှမ်းထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဆော်ဒီတော်ဝင်မိသားစုက နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ယှဉ်ပြိုင် ကစားကြမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ သူတို့အသင်း အနိုင်ရ ဗိုလ်စွဲတာကို မြင်တွေ့ချင်နေကြပြီး ဆော်ဒီစော်ဘွားတွေက မက်လောက်စရာ ဆုကြေးငွေတွေ ပေးကာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ယူဖို့ ကစားသမားတွေကို တွန်းအားပေးနေပါတယ်။

Photo Credit: Chronicle Live

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆော်ဒီတော်ဝင်မိသားစုက နယူးကာဆယ် ကစားသမားတွေကို ကာရာဘောင်းဖလား ရအောင် ယူဖို့ တိုက်တွန်းနေကြပြီး ကာရာဘောင်းဖလားသာ ရရင် ရလာမယ့် ဆုကြေးငွေ ပေါင် ၁သန်းလုံးကို ကစားသမားတွေဆီ ပြန်ခွဲပေးမယ်လို့ ကတိပေးထားသလို တခြား လက်ဆောင်ပစ္စည်းတွေလည်း ထပ်ပေးဦးမယ်လို့ ပြောထားကြောင်း သိရပါတယ်။

လက်ရှိ နယူးကာဆယ်ရဲ့ လူစာရင်းထဲမှာ ကစားသမား ၃၀ဦး အထိ ရှိနေတာကြောင့် အကယ်၍ နယူးကာဆယ်ကသာ ကာရာဘောင်းဖလားကို ရမယ် ဆိုရင် ကစားသမား တဦးချင်းစီဟာ ပေါင် ၃သိန်း ၃သောင်း ဝန်းကျင် ဆုကြေး ရရှိမှာလည်း ဖြစ်ပါတယ်။

Exit mobile version