ဒီနွေဈေးကွက်အတွင်းမှာ ဆန်ဒရို တိုနာလီ တစ်ဦးတည်းလောက်သာ ခေါ်ယူထားပြီး နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုတွေ မရှိတော့သလောက် ဖြစ်နေတဲ့ နယူးကာဆယ်အသင်းက အခုတော့ လက်စတာ စီးတီးအသင်းရဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဟာဗေး ဘန်းစ်ကို ပြောင်းရွှေ့ကြေး ပေါင် (၃၈)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
Photo Credit : Sky Sports
ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲဆီ တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ လက်စတာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂျိမ်းစ် မက်ဒီဆင် ၊ တီလေမန်းစ် ၊ ဆိုယွန်ဂျူတို့ကို လက်လွတ်လိုက်ရပြီးနောက် လက်ရှိမှာလည်း တောင်ပံ နဲ့ ကွင်းလယ် တိုက်စစ်နေရာတွေမှာ အကောင်းဆုံး ကစားတတ်သူ ဟာဗေး ဘန်းစ်ကိုပါ ထပ်မံ လက်လွတ်ရတော့မှာပဲ ဖြစ်ပါတယ်။ ဒီ အသက် (၂၅)နှစ်သားက လက်စတာ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အမ်ကေဒွန်းစ် ဘန်စလေ နဲ့ ဝက်ဘရွန်းအသင်းတွေမှာ အငှားနဲ့ ကစားခဲ့ဖူးသလို လက်စတာအတွက်လည်း (၁၈၇)ပွဲကစားပြီး (၄၅)ဂိုး သွင်းယူပေးထားနိုင်ပါတယ်။
Photo Credit : Transfermarket
ဟာဗေး ဘန်းစ်ကိုတော့ နယူးကာဆယ် တစ်သင်းတည်းက အသေအချာ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ဘန်းစ်ရဲ့ အသင်းဖော် ဂျိမ်းစ် မက်ဒီဆင်ကိုပါ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့်လည်း စပါးအသင်းက လက်ဦးသွားခဲ့တာကြောင့် ဟာဗေး ဘန်းစ်ကိုသာ ပိုမို ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဘန်းစ်ကို လက်စတာကနေ ပေါင် (၃၈)သန်းနဲ့ ခေါ်ယူသွားဖို့အတွက် သဘောတူညီချက် ရရှိခဲ့ပြီလို့ ဗြိတိန် နာမည်ကျော် ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြထားခဲ့တာကြောင့် ကစားသမားနဲ့ သဘောတူညီမှု ရရှိအောင်သာ ဆက်လက် ညှိနှိုင်းရတော့မှာပဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ နယူးကာဆယ်အသင်းကတော့ ဒီနွေမှာ မီလန် ကွင်းလယ်လူ တိုနာလီ နဲ့ မင့်တက်ချ်တို့ကို ခေါ်ယူထားပြီး ဂမ်ဘီယာ တောင်ပံ ကစားသမားလေး မင့်တက်ချ်ကိုတော့ ဖိုင်ယင်နော့အသင်းဆီ ပြန်လည် အငှားချထားခဲ့ပါတယ်။