ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက််တမ်း ကုန်ဆုံးတော့မယ့် နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါဟာ အသင်းနဲ့ သက်တမ်းတိုးဖို့ထက် အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့က အခြေအနေများနေတာကြောင့် သူ့ကို ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ် ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ကမ္ဘာ့ချမးသာ အကြွယ်ဝဆုံး ကလပ်အသင်းဖြစ်နေတဲ့ နယူးကာဆယ်ကပါ ရူဒီဂါကို အသင်းဆီ အရခေါ်ယူချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Chronicle

ဆော်ဒီအိမ်ရှေ့မင်းသား ပိုင်ဆိုင်တဲ့ Public Investment Fund of Saudi Arabia ကုမ္မင်္ဏီရဲ့ လက်အောက်ကို ရောက်ရှိသွားခဲ့ရတဲ့ နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်အတွင်းမှာပဲ ထရစ်ပီယာ ခရစ္စဝုဒ် မတ်တားဂတ် ဂွီမာရေ့စ်နဲ့ ဒန်ဘမ်းတို့လို ကစားသမားတွေကို ခေါ်ယူအားဖြည့်နိုင်ခဲ့သလို အသင်းအနေနဲ့ ဒီရာသီမှာ တန်းမဆင်းပဲ ပရီးမီးယားလိဂ်မှာသာ ဆက်လက်ကျန်ရစ်နေခဲ့မယ်ဆိုရင် လာမယ့်နွေမှာပါ ကစားသမားသစ် ဖြည့်တင်းမှုတွေကို အပီအပြင် လုပ်ဆောင်ပေးဖွယ် ရှိနေပါတယ်။ လက်ရှိမှာလည်း နယူးကာဆယ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲဖို့ နီးစပ်နေတဲ့ ဂျာမနီ နောက်ခံကစားသမား ရူဒီဂါကို ပစ်မှတ်ထားလျက် ရှိနေပြီလို့ သိရပါတယ်။

Photo Credit : Marca

အသက်(၂၉)နှစ်အရွှ့ယ် ဂျာမနီလက်ရွေးစင် ဗဟိုနောက်ခံလူ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံကစားသမား ဖြစ်သလို အသင်းအတွက်လည်း ပွဲပေါင်း(၁၀၀)ကျော် ပါဝင်ထားခဲ့သူဖြစ်ပေမယ့် သူရဲ့စာချုပ်သက်တမ်းက လပိုင်းသာ ကျန်ရှိနေတော့သလို စာချုပ် သက်တမ်းတိုးမယ့် ကိစ္စကပါ ခုထိ အဆင်မပြေနိုင်သေးတာကြောင့် သူ့ကို ကလပ်အသင်းများစွာက စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အဲ့ဒီအသင်းတွေထဲမှာ နယူးကာဆယ်လည်း ပါဝင်လာခဲ့ပြီး ထိပ်တန်းအသင်းတွေနဲ့ အပြိုင်ကမ်းလှမ်းရနိုင်ပေမယ့် ကစားသမားဘက်က အလိုရှိနေတဲ့ လစာပမာဏမျိုးကိုတော့ ပေးချေသွားဖို့ မခက်ခဲတာကြောင့် နယူးကာဆယ်အတွက် မျှော်လင့်ချင်စရာ ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာလည်း နယူးကာဆယ်အသင်းဟာ ဆောင်းစျေးကွက် အားဖြည့်တင်းမှုအပြီး ၂၀၂၂ခုနှစ်အတွင်း ကစားထားခဲ့သမျှ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရှုံးပွဲလုံးဝ မရှိထားခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)နေရာထိ တတ်လှမ်းထားသလို တန်းမဆင်းရဖို့လည်း တဖြည်းဖြည်းနဲ့ အခြေအနေကောင်းလာခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ ခံစစ်ပိုင်းအတွက် ရူဒီဂါကို စိတ်ဝင်စားနေသလို တိုက်စစ်ပိုင်းအတွက်လည်း အသက်လက်တီကိုအသင်းရဲ့ ဘယ်လ်ဂျီယံ တောင်ပံကစားသမား ယာနစ်ကာရက်စ်ကိုကိုပါ ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။